The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင် ခဗာနက်ကို ဖာနန်ဒက်စ်ဝေဖန်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့ညက ဖူလ်ဟမ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပင်နယ်တီမကန်ခင် သူ့ကို မတော်တဆ ဝင်တိုက်မိခဲ့တဲ့ ကွင်းလယ်ဒိုင် ခရစ်ခဗာနက်ကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ကွင်းလယ်ဒိုင်အနေနဲ့ သူ့ကိုတောင်းပန်ခဲ့ခြင်းလည်းမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။

ပထမပိုင်းအတွင်း ယူနိုက်တက်ဟာ ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ဖာနန်ဒက်စ်အနေနဲ့ ပင်နယ်တီကန်သွင်းဖို့ အာရုံစိုက်နေချိန်မှာ ကွင်းလယ်ဒိုင် ခဗာနက်နဲ့ မတော်တဆဝင်တိုက်မိခဲ့ကာ တင်းမာမှုတစ်ချို့ဖြစ်ပွားခဲ့ပါတယ်။ ထို့နောက်မှာတော့ ဖာနန်ဒက်စ်ရဲ့ပင်နယ်တီကန်ချက်က ဂိုးပေါက်တောင်တည့်မတ်ခဲ့ခြင်းမရှိဘဲ လွဲချော်ခဲ့တာကြောင့် ပွဲအပြီးမှာ ယူနိုက်တက်တို့ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဖာနန်ဒက်စ်က "ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။ ပင်နယ်တီကန်သွင်းသူတွေမှာ သူတို့ရဲ့ကိုယ်ပိုင် လုပ်ရိုးလုပ်စဉ်တွေရှိပါတယ်။ ကွင်းလယ်ဒိုင်က ကျွန်တော့်ကို ဝင်တိုက်ပြီး မတောင်းပန်ခဲ့တော့ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်သွားပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့် ပင်နယ်တီမဝင်ခဲ့တာလို့ အကြောင်းပြလို့မရပါဘူး။ ကျွန်တော် ဘောလုံးထိချက်တော်တော်လေးလွဲသွားပါတယ်။ ဘောလုံးကိုအောက်ကနေ ပင့်ကန်သလိုဖြစ်သွားပြီး ဘားတန်းပေါ်ကနေ ကျော်သွားစေခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

နည်းပြ ရူဘင်အာမိုရင်ကလည်း "ပထမပိုင်းမှာ ကျွန်တော်တို့ အခြေအနေကောင်းပါတယ်။ ဖာနန်ဒက်စ်အနေနဲ့ ပင်နယ်တီလွဲခဲ့တဲ့အ‌ပေါ် တာဝန်အပြည့်ရှိပါတယ်။ သူ လွဲချော်သွားတဲ့အချိန်မှာ ကျွန်တော်တို့ စိတ်ပျက်မိခဲ့ပါတယ်။ ဒါပေမယ့် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့ရှေ့ဆက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် အင်္ဂလန်လိဂ်တူးကလပ် ဂရင်စ်ဘီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း ပထဆုံးနိုင်ပွဲကို စတင်ရယူနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။