The network connection is lost.

Banner Image

ယူနိုက်တက်ကို ဘာတွေက ပြောင်းလဲစေခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာတဲ့ အမ်ဘွေမို

မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုက ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက်အနိုင်ရပြီးနောက် အသင်းရဲ့ အရေးပါတဲ့ပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

စနေနေ့ညက ယူနိုက်တက်ဟာ အမ်ဘွေမိုရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ဘရိုက်တန်ကို ၄-၂ နဲ့အနိုင်ရခဲ့ပြီး နည်းပြရူဘင်အာမိုရင်လက်ထက် ပထမဆုံးအကြိမ်အဖြသ် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုး မားသီးယက်စ်ကွန်ညာက ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးအဖြစ် စတင်သွင်းယူပေးခဲ့ပြီး ကတ်စ်မဲရိုးက ဒုတိယဂိုးကို ၁၀ မိနစ်အကြာမှာထပ်မံသွင်းယူပေးခဲ့ပါတယ်။

ထို့နောက်ဒုတိယပိုင်းမှာ အမ်ဘွေမိုက ယူနိုက်တက်အတွက် နောက်ထပ်သွင်းဂိုး ၂ ဂိုးထပ်မံသွင်းယူခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်ပွဲရရှိစေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဘရန့်ဖို့ဒ်မှ ယူနိုက်တက်သို့ စတင်‌ပြောင်းရွှေ့လာခဲ့တဲ့ အမ်ဘွေမိုဟာ ယခုရာသီအတွင်း ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးထားနိုင်ပြီဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အသင်းရဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး အမ်ဘွေမိုက "အသင်းကိုစရောက်တဲ့အချိန်မှာတော့အရာရာက လွယ်လွယ်ကူကူမဖြစ်ခဲ့ပါဘူး။ ပတ်ဝန်းကျင်အသစ်မှာ မျှော်လင့်ချက်အသစ်တွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ အရာအားလုံးကိုချိတ်ဆက်မှုကောင်းကောင်းနဲ့ရှေ့ဆက်နေပြီး လမ်းကြောင်း‌မှန်ပေါ်ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့အားလုံး လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန်ကြိုးစားခဲ့ကြပြီး ဒါကပြောင်းလဲမှုရဲ့ အဓိကသော့ချက်ပါပဲ"

"လေ့ကျင့်ရေးကွင်းကခြေစွမ်းကို ပွဲထဲမှာအသုံးချနိုင်လာပါတယ်။ ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ စည်းလုံးညီညွတ်မှုကြောင့် ဒီလိုရလဒ်ကောင်းတွေရလာခဲ့တာပါ။ လက်ရှိအခြေအနေကို အကောင်းဆုံးထိန်းချုပ်ပြီး ပိုကောင်းလာဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်က စိန်ခေါ်မှုတွေကို သဘောကျပါတယ်။ ဒါကြောင့် ဒီလိုကလပ်အသင်းကြီးတစ်ခုကိုရောက်လာခဲ့တာဖြစ်ပြီး အသင်းရဲ့မျှော်လင့်ချက်တွေအတွက် တိုက်ပွဲဝင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်စနေနေ့မှာ‌တော့ ယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲကို ဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။