The network connection is lost.

Banner Image

တံကောက်ကြောဒဏ်ရာမှသက်သာလာပြီးနောက် ပုံမှန်ခြေစွမ်းပြန်မရမှာကြောက်ရွံ့နေတဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယိုဆာကာက ပြီးခဲ့တဲ့ရာသီအစောပိုင်းကက တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ယခုအခါမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပေမယ့် ပုံမှန်ခြေစွမ်းပြန်မရမှာ ကြောက်ရွံ့နေခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

အာဆင်နယ်အသင်းရဲ့အတောက်ပဆုံးကြယ်ပွင့်ကစားသမားဟာ မကြာသေးမီကမှ ဘောလုံးပြန်လည်ကစားနိုင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့နံနက်က ဆီနီဂေါကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့ပါတယ်။ ပုံမှန်အတိုင်းပြန်ကစားနိုင်ပြီဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်ဟာ ခြေစွမ်းကောင်းကိုပြန်မရမှာ စိုးရိမ်နေတယ်လို့ဆိုပါတယ်။ 

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဆာကာက "ကျွန်တော့်အနေနဲ့ အတိတ်ကအကြောင်းတွေရော၊ အနာဂတ်အကြောင်းတွေရော မစဉ်းစားတော့ပါဘူး။လက်ရှိကာလကိုပဲ အာရုံစိုက်ပြီး အခုချိန်ဘာတွေလိုအပ်နေတယ်ဆိုတာ စဉ်းစားပါတယ်" "တစ်ခါတလေမှာတော့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိပါတယ်။ ပြီးတော့ အတိတ်မှာ ဒီဒဏ်ရာကိုကာကွယ်နိုင်ဖို့ ဘာတွေလုပ်ခဲ့သင့်တယ်ဆိုပြီး နောင်တရတာမျိုးတွေရှိပါတယ်"

"ဒါပေမယ့် အခုချိန်မှာတော့ ဒါတွေက မလိုအပ်တော့ပါဘူး။ ဒီလိုအတွေးတွေက ခန္ဓာကိုယ်အတွက် အနုတ်သဘောဆောင်ပါတယ်။ အခုချိန်မှာ ဘာလုပ်ရမယ်ဆိုတာပဲ တွေးနေသင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် ကျရှုံးခဲ့ပါတယ်။ ဒါကြောင့် နောက်ရာသီမှာတော့ အသင်းဖော်တွေကို အရင်ပုံစံအတိုင်း အကူအညီပေးနိုင်ဖို့ အခုကတည်းက ကြိုးစားနေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဆာကာဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၂၅ ပွဲကစားခဲ့ပြီး သွင်းဂိုး ၁၆ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကစားသမားဟာ အင်္ဂလန်နည်းပြသစ်သောမတ်စ်တူချယ်လ်ရဲ့ရွေးချယ်မှုနဲ့အတူ အင်္ဂလန်အသင်းမှာရောက်ရှိနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားကို အာဆင်နယ်အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတာကြောင့် ဆာကာအနေနဲ့ နွေရာသီအားလပ်ရက်ရရှိသွားမှာဖြစ်ပြီး နောက်ရာသီမှာအကောင်းဆုံးပြန်လာနိုင်ဖို့ ကောင်းကောင်း အနားယူသွားရပါမယ်။