The network connection is lost.

Banner Image

တော့တင်ဟမ်နည်းပြဘဝမှာ ဘဝနဲ့ဘောလုံးအတွက် အတွေးအခေါ်ပြောင်းလဲသွားပုံအကြောင်း ထုတ်ပြောလာတဲ့ ကွန်တီ

အန်တိုနီယိုကွန်တီက တော့တင်ဟမ်မှထွက်ခွာလာရချိန် စိတ်ဖိစီးမှုဖြစ်ပေါ်ခဲ့ပုံနဲ့ ဆိုးရွားလှတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ဘဝနဲ့ ဘောလုံးအပေါ် ရှုမြင်ပုံပြောင်းလဲသွားမှုအကြောင်း ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ကွန်တီက တော့တင်ဟမ်နဲ့အတူ ရှုပ်ထွေးပွေလီတဲ့ကာလတစ်ခု ဖြတ်သန်းခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပြီး မြောက်လန်ဒန်မှာရှိခဲ့ရတဲ့ အချိန်တွေကို နည်းပြသက်တမ်းတလျှောက် အခက်ခဲဆုံးကာလတစ်ခုအဖြစ် ဖော်ပြသွားခဲ့ပါတယ်။ သူက ၂၀၂၂ ခုနှစ်မှာ တော့တင်ဟမ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် အခုလိုဝင်ခွင့်ရရှိမှုအတွက် အောင်ပွဲခံဖို့ မထိုက်တန်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးနဲ့ဘဝအပေါ် သူ့ရဲ့ရှုမြင်ပုံတွေ ပြောင်းလဲသွားစေခဲ့တဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပုံကို ကွန်တီက ရှင်းပြသွားခဲ့ပါတယ်။

Sky Italia နဲ့တွေ့ဆုံချိန် ကွန်တီက တော့တင်ဟမ်ကို ပထမဆုံးအကြိမ်ရာသီပြည့်ကိုင်တွယ်စဉ် ဖြစ်ပေါ်ခဲ့တဲ့ခံစားချက်နဲ့ တွေးခေါ်မှုဆိုင်ရာကိစ္စရပ်တွေအကြောင်း ပြန်ပြောပြခဲ့ပါတယ်။ သူက “တော့တင်ဟမ်မှာ ခက်ခဲတဲ့နှစ်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ၊ ကျွန်တော်ရောက်ရှိသွားချိန် သူတို့တွေ အဆင့်-၉ မှာ ရှိနေခဲ့ပြီး အာဆင်နယ်ကိုကျော်တက်ကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ရာသီသိမ်းခဲ့ပါတယ်။ သူတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုက ပရီးမီးယားလိဂ်ဆုဖလားအနိုင်ရရှိလိုက်သလိုပါပဲ”လို့ ပြောပါတယ်။

ဒါပေမဲ့ အဆင့်-၄ ရရှိပြီးနောက် အဝတ်လဲခန်းအတွင်း အောင်ပွဲခံမှုက ကွန်တီအတွက် နေသားတကျ မဖြစ်စေပါဘူး။ သူက “ နောက်ဆုံးနေ့မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့လို့ အဝတ်လဲခန်းအတွင်း အောင်ပွဲခံခဲ့ကြပါတယ်။ကျွန်တော်က ကျွန်တော့်ဝန်ထမ်းတွေကို ခေါ်ပြီး ငါတို့တော့ ဒီလိုအောင်ပွဲခံမှုမျိုးနဲ့ အသားမကျဘူး၊ ဒီလိုပုံစံမျိုးနဲ့တော့ အောင်ပွဲမခံလိုက်ပါနဲ့၊ ငါတို့က ဆုဖလားရရှိပြီး အောင်ပွဲခံရတာမျိုးနဲ့ အသားကျတယ်လို့ ပြောခဲ့ပါတယ်။ အိုကေ.. အထင်ကြီးလောက်စရာ အောင်မြင်မှုမျိုးပါပဲ၊ ဒါပေမဲ့ တချိန်တည်းမှာပဲ အခုလို ဘာလို့အောင်ပွဲခံသလဲဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်”လို့ ပြောပါတယ်။

အီတာလျံလူမျိုးက သူ့ရဲ့တော့တင်ဟမ်နည်းပြဘဝနောက်ဆုံးကာလတွေမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဗန်ထရိုနီနဲ့ ဗီယာလီတို့ သေဆုံးခဲ့မှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရပုံကို ဆက်ပြောပြခဲ့ပါတယ်။ ကွန်တီက “ ဗန်ထရိုနီက ဆယ့်ငါးရက်အတွင်း သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်ကြီးတစ်ခုဖြစ်ခဲ့ပြီး ကိုင်တွယ်ဖို့ မလွယ်ကူခဲ့ပါဘူး။

ပြီးတော့ ဗီယာလီလည်း ကွယ်လွန်သွားပါတယ်။ သူ့ကို ကျွန်တော်က ကျွန်တော့်ရဲ့ဇနီးနဲ့အတူ မကွယ်လွန်ခင် တစ်လလောက်တုန်းကပဲ စားသောက်ဆိုင်မှာ တွေ့ဖြစ်ခဲ့ပါတယ်။ သူ့ပုံစံက တည်တည်ငြိမ်ငြိမ်နဲ့ နေလည်း ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီညစာစားပွဲမှာပဲ တစ်ခုခုမှားယွင်းနေပြီဆိုတာ ကျွန်တော်နားလည်လိုက်ပါတယ်။ လူတစ်ဦးက ပျော်ပျော်ရွှင်ရွှင်စားသောက်ပြီး တစ်လလောက်အကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နာပိုလီနည်းပြက မီဟာလိုဗစ်ရဲ့သေဆုံးမှုကြောင့် သူ့အပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပြီး ဘဝအတွက် ဦးစားပေးအစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖြစ်ခဲ့တယ်လို့ ရှင်းပြပါတယ်။ ကွန်တီက “ မီဟာလိုဗစ်ဇာတ်လမ်းကလည်း အကျိုးသက်ရောက်မှုတစ်ခု ရှိခဲ့ပါတယ်။ အခုလိုနာကျင်စရာတွေ ဆက်တိုက်ထွက်ပေါ်လာမှုက ကျွန်တော့်အတွက် အတွေးတချို့ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်က မိသားစုရဲ့အဝေးတနေရာမှာ ရောက်ရှိနေခဲ့သူပါ။ကျွန်တော်က ဟိုတယ်မှာရှိနေချိန် မိသားစုက အီတလီမှာပါ။ ကျွန်တော့်ရဲ့ဇနီးကတော့ ကျွန်တော့်အတွက် အမြဲတမ်းအားပေးလေ့ရှိပါတယ်။ ဒါကြောင့် တစ်နေ့မှာ ဒီလိုအဖြစ်မျိုးတွေ ကြုံလာရလို့ မိသားစုနဲ့ သူငယ်ချင်းတွေကို စွန့်လွှတ်လိုက်ရရင်ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖြစ်ပါတယ်။ ဒါက ကျွန်တော့်အတွက် အချို့အတွေးအခေါ်တွေကို ပြောင်းလဲသွားစေပါတယ်။

ပြီးတော့ ကျွန်တော့်မှာလည်း ကိုယ်ပိုင်ပြဿနာလေးတစ်ခု ရှိပါတယ်။ ကျွန်တော်က သည်းခြေအိတ်ခွဲစိတ်ကုသမှုခံယူထားရပြီး ပန်ကရိယရောင်ရမ်းမှုဖြစ်နိုင်ခြေလည်း တွေ့ရှိထားပါတယ်။ ရှင်းအောင်ပြောရရင် အဲ့ဒီအခိုက်အတန့်လေးမှာပဲ ကျွန်တော့်ရဲ့ဦးစားပေးကိစ္စတွေအတွက် စဉ်းစားစရာတွေ အများကြီးရှိလာခဲ့ပါတယ်”လို့ ပြောပါတယ်။ အခုတော့ ကွန်တီရဲ့အီတလီနိုင်ငံဆီပြန်လာမှုက နာပိုလီအတွက် အမြတ်ထွက်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ စကူဒက်တိုချန်ပီယံဆုအနိုင်ရရှိပြီးနောက် တော့တင်ဟမ်နည်းပြဟောင်းမှာ ဘဝနဲ့ ဘောလုံးအတွက် မျှတစွာစဉ်းစားပေမယ့် အမြင်မျိုးရှိလာခဲ့ပါပြီ။