The network connection is lost.

Banner Image

အဓိကစတားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အက်ဒီဟိုဝီ

အပြောင်းအရွှေ့အတွက် သတင်းကြီးနေတဲ့ တိုက်စစ်မှူး အီဆက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နယူးကာဆယ်နည်းပြ ဟိုဝီက ထုတ်ဖော်ပြောကြားလာပါတယ်။

ဟိုဝီက အသင်းကနေထွက်ခွာချင်တယ်လို့အသိပေးလာတဲ့ အီဆက်ရဲ့အခြေအနေနဲ့ပတ်သက်လို့ သူ့အမြင်ကို အရိုးသားဆုံးပြောကြားခဲ့ပါတယ်။ နယူးကာဆယ် နဲ့ အီဆက်တို့ကြားမှာ စာချုပ်သစ်အတွက်လက်ရှိဆွေးနွေးနေတာမရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာဖြစ်လာနိုင်တယ်လို့ ဟိုဝီက ပြောကြားလိုက်ပါတယ်။

အီဆက်ကို လီဗာပူးအသင်းအပြင် ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းကပါ ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဘက်က သူတို့စတားအနေနဲ့ အခုနွေမှာဘယ်အသင်းကိုမှပြောင်းမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ကြာသပတေးနေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ အီဆက်တစ်ယောက် အသင်းကနေထွက်ခွာခွင့်တောင်းဆိုထားတယ်လို့ သိရပါတယ်။

အဆိုပါအခြေအနေအရ နယူးကာဆယ်အနေနဲ့ စာချုပ်သစ်အလျင်အမြန်ချုပ်ဆိုတာ ဒါမှမဟုတ် ထွက်ခွာခွင့်ပြုတာမျိုး ၂ ခုထဲကတစ်ခုကို ဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။

“ကျွန်တော် အချိန်တော့မပြောချင်ပါဘူး။ ဒီလိုအခြေအနေတွေက အသင်းနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ အရာအားလုံးက အသင်းလက်ထဲမှာရှိနေတာပါ။ ဒါပေမယ့် အချက်အလက်အားလုံးနဲ့အတူ အသင်းဘက်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ထင်ပါတယ်။ကစားသမားဘက်က အသင်းကနေထွက်ခွာနိုင်ချေရှိနေပါတယ်။ အဲ့တာကလည်း အသင်း နဲ့ သူ့ကြား ဆွေးနွေးမှုတွေအပေါ်မှာ မူတည်နေပြီး ကျွန်တော်တို့ကတော့ အသင်းလူစာရင်းတောင့်တင်းဖို့ နဲ့ ရလဒ်ကောင်းအောင်ပဲ ကြိုးစားရမှာပါ။

အဲလက်စ်အခြေအနေနဲ့မသက်ဆိုင်သလို အဲ့တာက ကျွန်တော်တို့လုပ်ဆောင်နေတဲ့အခြေအနေတွေပါ။ ဒါပေမယ့် ဒီအခြေအနေက ရှုပ်ထွေးပါတယ်။ အသင်းတစ်သင်းလုံးမှာရှိတဲ့သူတွေအပြင် ဒီနေ့ခေတ်မော်ဒန်ဘောလုံးလောကမှာ ငွေကြေးလည်း ပါဝင်ပါတယ်။
နည်းပြတွေက သူ့အမြင်ကိုပဲပြောမှာဖြစ်ပေမယ့် ကျန်တာကို ဘုတ်အဖွဲ့က ဆုံးဖြတ်ရမှာပါ။ အဲလက်စ်နဲ့ နောက်ကွယ်မှာ မမြင်နိုင်တာတွေရှိနေနိုင်ပါတယ်။ နေ့တိုင်း သူက သတင်းတွေကိုသတိထားမိနေမှာပါ။

ဒီလိုအခြေအနေမှာ ဘယ်သူ့အတွက်မှ မလွယ်ကူဘူးဆိုတာ ကျွန်တော် တပ်အပ်ပြောရဲပါတယ်။ အဲလက်စ် နဲ့ အသင်းကြားမှာ ဆွေးနွေးတာတွေရှိနေနိုင်သလို ကျွန်တော်ကတော့ သူ့ကိုအသင်းမှာဆက်ရှိနေစေချင်ပါတယ်။ ကျွန်တော်တို့ကြားမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့သူဖြစ်သလို အဝတ်လဲခန်းထဲမှာလည်း ရေပန်းစားပါတယ်။ နယူးကာဆယ်မှာ သူ့ကိုဆက်ရှိနေစေချင်သလို အသင်းမှာရှိတဲ့သူတိုင်းလည်း အတူတူပါပဲ။

ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘုတ်အဖွဲ့အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မယ်လို့ မျှော်လင့်ပါတယ်။  ကျွန်တော်သတိထားမိသလောက်တော့ လက်ရှိမှာ ၂ ဦး ၂ ဖက်ဆွေးနွေးမှုတွေမရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ ရှိလာနိုင်ပါတယ်။ အခုတော့ အခြေအနေတွေက ရှုပ်ထွေးနေဆဲပါ။

ကျွန်တော်တို့ရှုထောင့်ကနေဆိုရင် ဘာမဆိုဖြစ်လာနိုင်ချေရှိနေပါတယ်”လို့ ဟိုဝီက ဖြေကြားခဲ့ပါတယ်။ ဆွီဒင်သားဟာ လက်ရှိဒဏ်ရာအခြေအနေကြောင့် အသင်းနဲ့အတူ မပူးပေါင်းနိုင်သေးတာဖြစ်ပြီး အသင်းဘက်က လက်လွှတ်ရမယ်ဆိုရင်တောင် လူအင်အားဖြည့်တင်းရမှာဖြစ်ကာ လာမယ့်ရာသီချန်ပီယံလိဂ်အတွက် ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။