
လီဗာပူး၊ ချဲလ်ဆီးနဲ့ ဝုဗ်တို့ နောက်တစ်ဆင့်တက်ရောက်သွားတဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲများ
ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်တွေမှာ လီဗာပူးက ဆောက်သမ်တန်ကို ဟူဂိုအီကီတီကီရဲ့နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့သလို၊ အခြားပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး၊ ဝုဗ်နဲ့ ဘရိုက်တန်တို့ကလည်း နိုင်ပွဲကိုယ်စီနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ကြပါတယ်။
လီဗာပူးအနေနဲ့ ဆောက်သမ်တန်ကို ပွဲကစားချိန် ၄၃ မိနစ်မှာရရှိခဲ့တဲ့ တိုက်စစ်မှူးသစ် အလက်ဇန်းဒါးအီဆက်ရဲ့ပွဲဦးထွက်သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ချားလ်စ်က ပြန်လည်ချေပခဲ့တာကြောင့် ခက်ခက်ခဲခဲကစားခဲ့ရပြီး အီကီတီကီရဲ့ဂိုးကြောင့်သာ အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ လီဗာပူးတောင်ပံကစားသမား ချီယေဆာက အထူးခြေစွမ်းပြသခဲ့ပြီး အီတလီလက်ရွေးစင်ဟာ သွင်းဂိုး ၂ ဂိုးစလုံးအတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးသွင်းယူခဲ့တဲ့ အီကီတီကီဟာ ဂိုးသွင်းပြီးနောက် အင်္ကျီချွတ်အောင်ပွဲခံခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ ပြည့်ချိန်မှာ အချိန်ပို ၆ မိနစ်သတ်မှတ်ပေးခဲ့ပေမယ့် ဆောက်သမ်တန်အနေနဲ့ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတဲ့ အီကီတီကီကတော့ လာမယ့်စနေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။ လီဗာပူးသာမက ဝုဗ်ကလည်း အဲဗာတန်ကို ၂-၀ နဲ့ပြတ်ပြတ်သားသားအနိုင်ယူပြီး ကာရာဘောင်ဖလား စတုတ္ထအဆင့်ကို တက်လှမ်းလာခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးကလည်း လိဂ်ဝမ်းကလပ် လင်ကွန်းစီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက်ဂိုးတွေကိုတော့ လူငယ်တိုက်စစ်မှူးလေး ဂျော့ဂျ်နဲ့ တောင်ပံကစားသမား ဘူနာနော့တီတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
ယခုတစ်ခေါက် တတိယအဆင့်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်အသင်းတိုင်းလိုလို နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ကြပေမယ့် ဘန်လေကတော့ ကာဒစ်ဖ်ကို ၁-၂ နဲ့အရေးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ အခြားပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဖူလ်ဟမ်က ကမ်းဘရစ်ချ်ကို ၁-၀ နဲ့အနိုင်ရခဲ့သလို၊ ဘရိုက်တန်ကလည်း ဘန်စလေကို ဂိုမက်ဇ်ရဲ့စူပါဟက်ထရစ်အပါအဝင် ၀-၆ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ကြာသပတေးနေ့နံနက်မှာတော့ ကာရာဘောင်ဖလားပွဲစဉ်တွေ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး မန်ချက်စတာစီးတီး၊ နယူးကာဆယ်၊ တော့တင်ဟမ်နဲ့ အာဆင်တို့ နောက်တစ်ဆင့်ကို တက်လှမ်းလာနိုင်မလား ဆက်လက်စောင့်ကြည့်ရပါမယ်။