
ဆားဘီးယားအပေါ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှ ကစားဟန်မျိုးကို ကမ္ဘာ့ဖလားမှာ အသုံးချရမယ်လို့ ဟယ်ရီကိန်းပြော
သောမတ်စ်တူချယ်လက်အောက် ခေတ်သစ်တစ်ခုစတင်မှုအပေါ် ဝေဖန်သံတွေထွက်ပေါ်လာပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ဒီနေ့မနက်ပိုင်း၊ ဆားဘီးယားကို ငါးဂိုးပြတ်ချေမှုန်းခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှ အသင်းရဲ့ကစားဟန်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုံစံခွက်လို့ တင်စားပြောဆိုခဲ့ပါတယ်။
အင်္ဂလန်က နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲလေးခုလုံးကို အနိုင်ရရှိပြီး ဘဲလ်ဂရိတ်မှာကျင်းပမယ့်ပွဲစဉ်ဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အန်ဒိုရာ၊ အယ်လ်ဘေးနီးယား၊ လတ်ဗီးယားတို့ကို ခက်ခက်ခဲခဲအနိုင်ယူခဲ့မှုတွေကြောင့် တူချယ်ရဲ့နည်းစနစ်ပိုင်းနဲ့ လူစာရင်းရွေးချယ်မှုအပေါ် ဝေဖန်သံတွေ ထွက်ပေါ်လာစေပါတယ်။
ဒါပေမဲ့ ဒီနေ့မနက်ပိုင်းပွဲစဉ်မှာတော့ တူချယ်ရဲ့အသင်းက ဟယ်ရီကိန်း၊ မာဒူကီ၊ ကွန်ဆာ၊ ရက်ရှ်ဖို့ဒ်၊ ဂူဟီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပိုပြီးအထင်ကြီးလောက်စရာကောင်းတဲ့ပုံစံမျိုးကို ပြသခဲ့ပါတယ်။ ITV ရုပ်သံလွှင့်သတင်းဌာနနဲ့တွေ့ဆုံချိန် ဟယ်ရီကိန်းက “ ပြင်ပမှာ ဆူညံသံတွေ အများကြီးထွက်ပေါ်နေပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ်လုပ်နေခဲ့တဲ့အရာတွေအတွက် ပျော်ရွှင်ကျေနပ်မိခဲ့ပါတယ်။
ခံစစ်မှာ ရှိသမျှကစားသမားအားလုံး စုပြုံပိတ်ဆို့နေတဲ့ ပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ရချိန် သူတို့ကိုဖြိုခွင်းဖို့ဆိုတာ အမြဲတမ်းလိုလို မလွယ်ကူခဲ့ပါဘူး။ ဒီညမှာလည်း ပိုကောင်းတဲ့ကစားသမားတွေ၊ ပိုကောင်းတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့ တကယ့်ကိုကြီးမားလှတဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့သိထားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း ဘောလုံးပိုင်ဆိုင်မှုမရှိချိန်မှာ ပြင်းထန်လှတဲ့ဖိအားပေးမှုနဲ့အတူ ပြိုင်ဘက်အခက်တွေ့အောင် ကျွန်တော်တို့ ဘယ်လောက်အထိလုပ်နိုင်သလဲဆိုတာကို ပြသသွားချင်တယ်လို့ ပြောဖြစ်ခဲ့ကြပါတယ်”လို့ ရှင်းပြပါတယ်။
အခုအချိန်မှာ အင်္ဂလန်က လာမယ့်နှစ်၊ မြောက်အမေရိကဒေသမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ရောက်ရှိဖို့ အတော်လေးနီးစပ်လာခဲ့ပြီး ဆားဘီးယားနဲ့ပွဲစဉ်အတွင်း အသင်းလိုက်ကစားဟန်ကို အနာဂတ်အတွက် စံသတ်မှတ်ချက်အဖြစ် အသုံးပြုသွားရလိမ့်မယ်လို့ ဟယ်ရီကိန်းက ပြောကြားခဲ့ပါတယ်။
သူက “ ပြိုင်ပွဲကြီးစတင်လာချိန်မှာ အသင်းရဲ့ကစားဟန်၊ ကစားကွက်နဲ့ နည်းဗျူဟာတွေက ပုံသေကားကျ ဖြစ်သွားပါလိမ့်မယ်။ မှန်ပါတယ်၊ ဒီနေရာမှာ ပြိုင်ဘက်အပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲဖို့လိုအပ်တဲ့ပွဲစဉ်အချို့လည်း ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘောလုံးဆုံးရှုံးသွားချိန် အလျှင်အမြန်ဆယ်ယူကာ တိုက်စစ်ကို လျှင်လျှင်မြန်မြန်နဲ့ စတင်သွားမယ့် ကိုယ့်ရဲ့ပုံစံအတိုင်းသာ ကစားသွားချင်ပါတယ်။ ဒီနေ့ပွဲစဉ်ကစားပုံကို ပြီးပြည့်စုံတဲ့ ပုံစံခွက်လို့ ပြောနိုင်ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင်အထိ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲစဉ်တွေလည်း ရှိလာပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ပွဲစဉ်စံနှုန်းတွေက အလွန်မြင့်မားခဲ့ပြီး ဒါကို စမှတ်တစ်ခုအဖြစ် အသုံးပြုသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
အင်္ဂလန်က လတ်ဗီးယားနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မတိုင်ခင် ငါးရက်အလို၊ အောက်တိုဘာ ၉ ရက်မှာ ဝေးလ်နဲ့ ခြေစမ်းပွဲစဉ် ကစားသွားပါလိမ့်မယ်။