The network connection is lost.

Banner Image

အောက်တိုဘာလ အင်္ဂလန်ရဲ့ပွဲစဉ်တွေကိုလွဲချော်ခဲ့ပေမယ့် ဘယ်လင်ဟမ်ဟာ အလွန်အရေးပါတဲ့ကစားသမားဖြစ်ကြောင်း ပြောကြားလာတဲ့ တူချယ်လ်

အင်္ဂလန်လက်ရွေးစင်နည်းပြ သောမတ်စ်တူချယ်လ်က ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ဟာ ယခုအောက်တိုဘာလ အင်္ဂလန်ရဲ့နိုင်ငံတကာပွဲစဉ်တွေကို လွဲချော်ခဲ့ပေမယ့် အသင်းအတွက်အလွန်အရေးပါတဲ့ကစားသမားအဖြစ်ကျန်ရှိနေဆဲဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ဝေးလ်ကိုအနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်ကိုသာမက လတ်ဗီယာကိုအနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကိုပါ လွဲချော်ခဲ့ပေမယ့် အင်္ဂလန်ဟာ ပွဲစဉ်တိုင်းကိုအနိုင်ရခဲ့တာကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟာ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် အင်္ဂလန်မှာရွေးချယ်ခံရဖို့လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေကတော့ တူချယ်လ်ရဲ့ဆုံးဖြတ်အပေါ် မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။ သို့သော်လည်း တူချယ်လ်ကတော့ လာမယ့်နိုဝင်ဘာလ ဆားဘီးယား၊ အယ်လ်ဘေးနီးယားတို့နဲ့ယှဉ်ပြိုင်သွားရမယ့် နိုင်ငံတကာပွဲစဉ်တွေမှာတော့ ဘယ်လင်ဟမ်ကိုပြန်လည်ခေါ်ယူသွားဖို့ရှိကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။

တူချယ်လ်က "သူက အသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်ပြီး ပုံရိပ်လည်းကြီးမားပါတယ်။ ကျွန်တော်တို့သူ့ကိုအသင်းမှာပြန်ခေါ်ဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကိုရောက်မလာနိုင်တဲ့ကစားသမားတွေနဲ့လည်း စကားပြောဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားတိုင်းက အင်္ဂလန်အတွက် ကစားပေးချင်ကြလို့ပါ။ ပြီးတော့ ဘယ်လင်ဟမ်မှမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့အတူတူရှိရဖို့ထိုက်တန်တဲ့ အခြားကစားသမားတွေလည်း အများကြီးရှိနေပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး တူချယ်လ်က ဘယ်လင်ဟမ်အပါအဝင် အင်္ဂလန်အသင်းမှာရွေးချယ်မခံခဲ့ရတဲ့ ဖီးလ်ဖိုဒန်၊ အလက်ဇန်းဒါးအားနိုးလ်၊ ဂျက်ခ်ဂရီးလစ်ရှ်တို့နဲ့ပတ်သက်ပြီး "ကျွန်တော်တို့သူတို့ကို မရွေးချယ်တာ သာမန်ပါပဲ။ ကျွန်တော်က အခုအသင်းမှာရှိနေတဲ့ကစားသမားတွေကို ပိုယုံကြည်ပါတယ်။ သူတို့မှမဟုတ်ပါဘူး။ ကော်နာဂယ်လာဟာ၊ ချာလိုဘာနဲ့ ကိုးလ်ပယ်လ်မာတို့လိုကစားသမားတွေလည်း အသင်းမှာမထည့်သွင်းခဲ့ပါဘူး"

"ဒါကြောင့်ပြောချင်တာက အင်္ဂလန်အတွက်ကစားပေးဖို့ထိုက်တန်ပေမယ့် အခွင့်အရေးမရတဲ့ကစားသမားတွေရှိနေတယ်ဆိုတာပါပဲ။ ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုရင်တော့ ဒါက ဘောလုံးရဲ့သဘောသဘာဝတစ်ခုဖြစ်နေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။