The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အဓိက ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ဘာကြောင့်အသုံးမပြုခဲ့သလဲရှင်းပြလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက စနေနေ့ညက ဘရန့်ဖို့ဒ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့အဓိက ကြယ်ပွင့်ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ဘာကြောင့်အသုံးမပြုခဲ့သလဲ ရှင်းပြလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မာရက်စ်ကာဟာ ကိုးလ်ပယ်လ်မာ၊ မာ့ခ်ကူကူရယ်လာနဲ့ ရီစီဂျိမ်းစ်တို့အပါအဝင် အရေးပါတဲ့ကစားသမားတွေကို အရန်ခုံမှာသာထိုင်ခိုင်းခဲ့ပြီး အခြားကစားသမား‌တွေကိုသာ ပွဲထုတ်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ကစားသွားရမှာဖြစ်လို့ အခုလို အဓိကကစားသမားတွေကို အနားပေးထားတယ်လို့ယူဆခဲ့ကြပေမယ့် မာရက်စ်ကတော့ မဟုတ်ကြောင်းပြောကြားလာခဲ့ပါတယ်။

အီတလီသားနည်းပြက "ဂျာအိုပက်ဒရိုက ပွဲမစခင်မှာ သူ ၁၀၀ ရာခိုင်းနှုန်းအဆင်သင့်ဖြစ်မနေကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘိုင်ယန်နဲ့ပွဲမှာသူ့ကို အရန်‌ခုံမှာထားမယ်လို့ စိတ်ကူးခဲ့ပြီး ဒီပွဲမှာ ပွဲထုတ်ခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော့်ရဲ့အာရုံက ဒီပွဲအပေါ်မှာပဲရှိပါတယ်"

"ပွဲတွေအရမ်းများနေရင် ကစားသမားတွေကို အသုံးပြုရတာ ခက်ခဲပါတယ်။ ရီစီဂျိမ်းစ်က အင်္ဂလန်အတွက် ၂ ပွဲစလုံးကစားခဲ့ရလို့ ပွဲပန်းနေမှာပါ။ ဒါကြောင့် သူ့ကိုအနားပေးခဲ့ပါတယ်။ ပယ်လ်မာကတော့ ဒီပွဲမှာ ပွဲထွက်ကစားလို့မရကြောင်း ဆေးအဖွဲ့ကပြောပါတယ်။ ဒါကြောင့် သူ့ရဲ့ကြံ့ခိုင်မှုကို မထိခိုက်စေဖို့ ဒုတိယပိုင်းမှသုံးခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက "ပယ်လ်မာကြံ့ခိုင်မှုပြည့်နေဖို့က အရေးကြီးပါတယ်။ ချန်ပီယံလိဂ်ပွဲမှာလည်း ကစားသမားတွေ စုံနေဖို့လိုပါတယ်။ ကျွန်တော်တို့ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရနေလို့ ကစားသမားအချို့ကို အနားပေးခဲ့တာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းလို့လည်းမရဘူးဆိုတာသိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ကြာသပတေးနေ့မှာတော့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်ကို ဂျာမနီမြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ကစားသမားအစုံအလင်နဲ့ နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။