The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှ အမှားတွေကို သင်ခန်းစာယူသွားရမယ်လို့ပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အသင်းအနေနဲ့ ကြာသပတေးနေ့နံနက်က ဘိုင်ယန်မြူးနစ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှ အမှားတွေကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးနိုင်ရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ချဲလ်ဆီးအနေနဲ့ ၂ နှစ်ခွဲတာကာလအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲ ပြန်လည်ကစားခွင့်ရတာဖြစ်ပေမယ့် အဖွင့်ပွဲမှာပဲ ဘိုင်ယန်မြူးနစ်ကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ဂျာမန်မြေမှာ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့ရဲ့အတွေ့အကြုံရင့်ကျက်မှုနဲ့ ဂိုးသွင်းစွမ်းရည်ကို သက်သေပြခဲ့ပြီး ချဲလ်ဆီးဘက်ကို ၂ ဂိုးအထိသွင်းယူကာ အသင်းအနိုင်ရစေဖို့ အဓိက ကူညီပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပထမပိုင်း ပွဲကစားချိန် ၂၇ မိနစ်မှာပဲ ဘိုင်ယန်ရဲ့ ၂ ဂိုးပြတ်ဦးဆောင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပယ်လ်မာက ချေပဂိုး ၁ ဂိုးပြန်သွင်းခဲ့တာကြောင့် ပထမပိုင်းမှာ ၂-၁ နဲ့ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘိုင်ယန်အတွက်အနိုင်သေချာစေမယ့်ဂိုးကို ဟယ်ရီကိန်းက ထပ်မံသွင်းယူခဲ့ပြီး ချဲလ်ဆီးဘက်က ဂိုးထပ်မံ မရရှိတော့တာကြောင့် ၃-၁ နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ မာရက်စ်ကာက "ကျွန်တော်တို့ ပွဲပြီးဆုံးချိန်အထိ အာရုံစူးစိုက်မှုအပြည့်နဲ့ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဘိုင်ယန်လိုအသင်းကို ဂျာမန်မြေမှာ ပွဲကစားချိန် ၉၅ မိနစ်အပြည့်အဝ ထိန်းချုပ်နိုင်ဖို့က အရမ်းခက်ပါတယ်။ ဒါပေမယ့် ဒီနေ့ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့အမှားတွေကို ထပ်လုပ်လို့မဖြစ်ပါဘူး။ ဒီပွဲကနေ သင်ခန်းစာယူပြီး အမှားတွေကို ပြုပြင်သွားရပါမယ်"

"အတွေ့အကြုံပိုင်းမှာဆိုရင် ကျွန်တော်တို့နဲ့ သူတို့ကြားမှာ ကွာဟမှုအရမ်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းမှာ ချန်ပီယံလိဂ် အတွေ့အကြုံရင့်ကစားသမားတွေအများကြီးရှိပြီး ကျွန်တော်တို့မှာ‌တော့ လူငယ်တွေပဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီပွဲကိုယှဉ်ပြိုင်ခဲ့တဲ့ပုံစံက အရမ်းကောင်းခဲ့ပါတယ်။ အမှားတွေကနေ သင်ယူသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဘိုင်ယန်နောက်ခံလူ ဂျိုနသန်တာဟာ ချဲလ်ဆီးတိုက်စစ်မှူး ဂျာအိုပက်ဒရိုကို ကစားပုံ အတော်လေးကြမ်းတမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ အနီကတ်ပြသခဲ့ခြင်းမရှိပါဘူး။ မာရက်စ်ကာက "ကွင်းလယ်ဒိုင်ကပြောပါတယ်။ အဲဒီလိုကစားပုံက အနီကတ်ဖြစ်ရလောက်တဲ့အထိ မထိုက်တန်ပါဘူးတဲ့။ သူက သွေးထွက်မှအနီကတ်ပြမယ့်ပုံပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်နည်းပြ ဗင်းဆင့်ကွန်ပနီကတော့ ယခုနိုင်ပွဲအတွက် သူ့ရဲ့အသင်းသားတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားနည်းပြက "ကျွန်တော် အများကြီးပြောစရာမရှိပါဘူး။ အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကျွန်ပြောချင်တာဆိုလို့ ဟယ်ရီကိန်းရဲ့ ကစားပုံကို ကြည့်ကြပါ။ သူဘယ်လောက်အထိ တော်လဲ မြင်ကြရပါလိမ့်မယ်။ သူအရမ်းကြိုးစားခဲ့လို့ အခုလို ဆုပြန်ရခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။