The network connection is lost.

Banner Image

ပြင်းထန်ဦးနှောက်ဒဏ်ရာကြောင့် အာဆင်နယ်အကယ်ဒမီကြယ်ပွင့်ဟောင်း ဗီဂါ ကွယ်လွန်

ချီချက်စတာစီးတီးအသင်းအတွက် ကစားပေးနေတဲ့ အာဆင်နယ်အကယ်ဒမီကြယ်ပွင့်ဟောင်း ဘီလီဗီဂါဟာ ပြင်းထန်ဦးနှောက်ဒဏ်ရာကြောင့် အသက်-၂၁ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။  ဗီဂါဟာ ပြီးခဲ့တဲ့စနေနေ့က ဝင်ဂန်တီနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ချီချက်စတာအတွက် ပါဝင်ကစားရင်း ဦးခေါင်းကိုထိခိုက်မိခဲ့ကာ ပြင်းထန်ဦးနှောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် ပွဲစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး ယခုအခါမှာတော့ ကစားသမားဟာ အဆိုပါဒဏ်ရာကြောင့်ပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ချီချက်စတာအသင်းက အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။ 

ချီချက်စတာအသင်းက "ဘီလီဗီဂါ ကွယ်လွန်သွားတဲ့အကြောင်းကို အတည်ပြုရတာ အသင်းအတွက် အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ အခုလို အခက်ခဲဆုံးအချိန်ကာလမှာ သူ့မိသားစုကိုလေးစားပြီး ကိုယ်ရေးကိုယ်တာမေးခွန်းတွေ မမေးကြဖို့ တောင်းဆိုချင်ပါတယ်"

"ဗီဂါဟာ ပြီးခဲ့တဲ့စနေနေ့က ဦးနှောက်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တာဖြစ်ပြီး ကိုမာဖြစ်နေခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ သူ့ကိုအရေးပေါ်ခွဲစိတ်ခဲ့ပြီး ပြန်ကောင်းလာဖို့မျှော်လင့်ခဲ့ပေမယ့် ကြာသပတေးနေ့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်" လို့ထုတ်ပြန်ထားပါတယ်။

အာဆင်နယ်အသင်းကလည်း အကယ်ဒမီကစားသမားဟောင်းနဲ့ပတ်သက်ပြီး "အာဆင်နယ်မှာရှိတဲ့ တစ်ယောက်ချင်းစီတိုင်း ဘီလီဗီဂါရဲ့သတင်းကြောင့် ယူကျုံးမရဖြစ်မိပါတယ်။ သူ့ရဲ့မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲမိပါတယ်။ ကောင်းရာမွန်ရာမှာအနားယူပါ ဗီဂါ" လို့ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဗီဂါရဲ့ အသင်းဟောင်း ဒါဘီကောင်တီ၊ ပရော်ဖက်ရှင်နယ်ဘောလုံးအဖွဲ့ချုပ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေတို့ကလည်း ကစားသမားအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်စာတွေ အသီးသီးဝေမျှခဲ့ကြပါတယ်။ 

ဗီဂါဟာ အသက်-၁၄ နှစ်အရွယ်မှာပဲ အာဆင်နယ်အကယ်ဒမီသို့စတင်ရောက်ရှိခဲ့ပြီး အာဆင်နယ် ယူ-၂၁ အသင်းမှာပါဝင်ကစားခဲ့ပါတယ်။ ထို့နောက်မှာတော့ ကစားသမားဟာ အတွေ့အကြုံသစ်တွေရရှိဖို့ ဒါဘီကောင်တီနဲ့ ဘိုရိုအသင်းသို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ဗီဂါဟာ အာဆင်နယ်မှ အပြီးသတ်ထွက်ခွာခဲ့ပြီး ယခုရာသီအစောပိုင်းမှာ ချီချက်စတာနဲ့ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ 

ချီချက်စတာအနေနဲ့ လာမယ့်ပွဲစဉ်မှာ လီဝက်စ်အက်ဖ်စီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် ဗီဂါရဲ့ကွယ်လွန်မှုကြောင့် အဆိုပါပွဲစဉ်ကို ရွှေ့ဆိုင်းထားတယ်လို့သိရပါတယ်။ အခုလို ဗီဂါရဲ့ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ဟာ အားကစားမှာရှိတဲ့အန္တရာယ်တွေကို သတိပေးသလိုဖြစ်ခဲ့ပြီး ကစားသမားတွေရဲ့ ဘေးကင်းလုံခြုံမှုအဆင့်အတန်းတွေ ပိုမိုတိုးမြှင့်ဖို့လိုအပ်နေတယ်ဆိုတာကိုလည်း မီးမောင်းထိုးပြနေပါတယ်။