The network connection is lost.

Banner Image

လီဗာပူးပစ်မှတ် ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်လို့ ယူဆချက်တစ်ခုထုတ်ပြန်လာတဲ့ ရော်ဘတ်ဆန်

အန်ဒီရော်ဘတ်ဆန်က လီဗာပူးအသင်းပစ်မှတ် ဖလော်ရီယန်ဝစ်ဇ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပါရမီရှင်တစ်ဦးလို့ ကင်ပွန်းတပ်လိုက်ပြီး ကြိုးကြာနီတွေကိုယ်တိုင်လည်း စိတ်လှုပ်ရှားဖွယ်ဂျာမန်ကစားသမားအတွက် သဘောတူညီမှုတစ်ခုရရှိဖို့ ကြိုးစားနေပါတယ်။

အသက်-၂၂ နှစ်အရွယ်ကွင်းလယ်ဖန်တီးရှင်က ဗြိတိန်ဘောလုံးလောကသမိုင်းတလျှောက်ဈေးအမြင့်ဆုံး ဖြစ်လာနိုင်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကြိုးကြာနီတွေဆီ ရောက်ရှိလာဖို့ နီးစပ်နေပါတယ်။ လီဗာပူးနဲ့ လေဗာကူဆင်တို့အကြား ဆွေးနွေးမှုတွေ ဆက်ရှိနေပြီး သတင်းတွေအရ ပြောင်းရွှေ့ကြေးပမာဏအတွက် သဘောတူညီမှုရရှိထားပေမယ့် ငွေပေးချေမှုပုံစံနဲ့ဆက်စပ်ကာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အားလုံးမျှော်လင့်ထားသလို ယူရိုသန်း ၁၅၀ ဆိုတဲ့ပမာဏနဲ့သာ ဖလော်ရီယန်ဝစ်ဇ်ရောက်ရှိလာမယ်ဆိုရင် ကိုင်စီဒိုရဲ့ပေါင် ၁၁၅ သန်းတန်အပြောင်းအရွှေ့ကိုကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ပြောင်းရွှေ့ကြေးစံချိန်သစ် ဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဂျာမနီမှာ ၁၆ ဂိုးသွင်း၊ ၁၅ ကြိမ် ဂိုးဖန်တီးပေးကာ စိတ်လှုပ်ရှားစရာ ဘောလုံးရာသီတစ်ခုဖန်တီးနိုင်မှုက မာဆေးဆိုဒ်ဒေသခံကလပ်ကို ငွေကြေးအလုံးအရင်းအသုံးပြုစေဖို့ ဆွဲဆောင်နေပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် ရော်ဘတ်ဆန်က မာဆေးဆိုဒ်ဆီ မကြာခင်ရောက်ရှိလာတော့မယ်လို့ လီဗာပူးပရိသတ်တွေမျှော်လင့်ထားတဲ့ ကစားသမားနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ဝေမျှလာပါတယ်။ စကော့တလန်နောက်ခံလူက “ယူရို-၂၀၂၄ ပြိုင်ပွဲ၊ ကျွန်တော်တို့နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာလည်း ဖလော်ရီယန်ဝစ်ဇ်ရဲ့ခြေစွမ်း အရမ်းကောင်းခဲ့ပါတယ်။ ဒါကို ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်။

ဒီပွဲစဉ်က ကျွန်တော်တို့အတွက် အရမ်းခက်ခဲခဲ့ပေမယ့် သူ့အတွက်တော့ အရမ်းကောင်းနေပြန်ပါတယ်။ သူက Half-Space တွေမှာ ကျွန်တော်တို့အတွက် ပြဿနာတွေ ဖန်တီးပေးခဲ့ပြီး လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ ပြေးထွက်သွားတာတွေလည်း ရှိပါတယ်။ သူက ဒီနှစ်မျိုးလုံးကို ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ ကျွန်တော်က သူကစားတာ အများကြီးမကြည့်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ သူနဲ့ရင်ဆိုင်ကစားခဲ့ဖူးတဲ့ ဒီအတွေ့အကြုံကပဲ ဝစ်ဇ်ဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို သိရဖို့ လုံလောက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကျွန်တော်တို့တွေ လေဗာကူဆင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာတော့ ကျွန်တော်တို့အသင်း နည်းနည်းပိုပြီး လွှမ်မိုးကစားနိုင်ခဲ့လို့ သူ အနည်းငယ်အခက်တွေ့သွားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ရင်ဆိုင်ရတဲ့ ဂျာမနီလက်ရွေးစင်အသင်းမှာတော့ သူ့ရဲ့ခြေစွမ်းကောင်းမွန်ခဲ့ပါတယ်။

ကျွန်တော်တို့အသင်းက သူ့ကိုခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေတာ သေချာပါတယ်။ အပြောင်းအရွှေ့က တရားဝင်တော့ မဖြစ်လာသေးပါဘူး။ ဒါပေမဲ့ သူ့ကိုသာခေါ်ယူနိုင်မယ်ဆိုရင် စိတ်လှုပ်ရှားစရာပါရမီရှင်တစ်ဦး တံခါးဝဆီ ရောက်ရှိလာတာမျိုး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အသင်းမှာလည်း စိတ်လှုပ်ရှားစရာပါမီရှင်တွေ ရှိထားပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ဆိုတာ မှန်ကန်ကောင်းမွန်တဲ့ကစားသမားတစ်ဦးပါ။ သူက ကျွန်တော်တို့ကို ကူညီပေးနိုင်ပါလိမ့်မယ်။ သူသာရောက်ရှိလာမယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်လည်း သူနဲ့တွဲဖက်ကစားရမှာဖြစ်လို့ စိတ်လှုပ်ရှားနေပါလိမ့်မယ်”လို့ ပြောပါတယ်။