
ဗင်နီစီးယက်စ်ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရသေးတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပေမယ့် သဘောတူညီမှုရရှိဖို့ မနီးစပ်သေးဘူးလို့ သိရပါတယ်။
လက်ရှိအချိန်မှာ ဗင်နီစီးယက်စ်ဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကစားဖို့ ဘရာဇီးအသင်းသို့ရောက်ရှိနေပြီး ရီးရဲလ်မက်ဒရစ်ကလည်း နည်းပြသစ်ဇာဘီအလွန်ဆိုနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇွန်လ ၁၄ ရက်နေ့မှာစတင်သွားမှာဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်အနေနဲ့ ဗင်နီးစီးယက်စ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အခုချိန်အထိ မဆွေးနွေးနိုင်သေးဘူးလို့သတင်းတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘရာဇီးလက်ရွေးစင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ရက်သတ္တပတ်များစွာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားရဲ့ လုပ်ခလစာကြောင့် သဘောတူညီမှုရရှိဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ ဗင်နီစီးယက်စ်ရဲ့အခြေအနေဟာ သောင်မတင်ရေမကျဖြစ်နေပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အခြားကလပ်အသင်းတွေရဲ့ ချဉ်းကပ်မှုတွေကြုံတွေ့လာရနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအကုန်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီစီးယက်စ်ကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားတောင်းဆိုထားတဲ့ လုပ်ခလစာနဲ့ အတော်လေးဝေးကွာနေခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် စပိန်ကလပ်အနေနဲ့ ကစားသမားကို စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ပေမယ့် နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိဖို့တော့ ဆွေးနွေးသွားရဦးမှာဖြစ်ပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ်နဲ့ ဗင်နီစီးယက်စ်တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၇ ခုနှစ်၊ ဇွန်လမှာကုန်ဆုံးမှာဖြစ်လို့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ယခုနွေရာသီအတွင်းမှာပဲ အပြင်းအထန်ဆွေးနွေးသွားဖွယ်ရှိပါတယ်။