
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အေစီမီလန်နဲ့ပူးပေါင်းမယ့် ရီးရဲလ်မက်ဒရစ်ဂန္တဝင် လူကာမိုဒရစ်
အေစီမီလန်နည်းပြသစ်အယ်လီဂရီက ရီးရဲလ်မက်ဒရစ်ရဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ်အပြီး အီတာလျံကလပ်အသင်းဆီ လူကာမိုဒရစ် ပူးပေါင်းလာလိမ့်မယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့မေလအတွင်း အသက်-၃၉ နှစ်အရွယ်ခရိုအေးရှားကပ္ပတိန်က အမေရိကန်နိုင်ငံမှာကျင်းပနေတဲ့ ပြိုင်ပွဲအပြီး စပိန်ဘီလူးကြီးတွေနဲ့ ၁၃ နှစ်ကြာလက်တွဲမှုကို ရပ်တန့်မယ်လို့ ကြေညာခဲ့ပါတယ်။
သူ့ရဲ့နောက်ထပ်ကလပ်အသင်းသစ်ကိုတော့ ကွန်စီကာအိုနေရာမှာ အစားထိုးဖို့ အေစီမီလန်ဆီ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာတဲ့ အယ်လီဂရီက အတည်ပြုပေးခဲ့ပါတယ်။သတင်းစာရှင်းလင်းပွဲအတွင်း အသက်- ၅၇ နှစ်အရွယ်နည်းပြက “ သြဂုတ်လမှာ မိုဒရစ် ရောက်ရှိလာပါလိမ့်မယ်။ သူက သာမန်ထက်ထူးကဲတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်”လို့ ပြောပါတယ်။
မိုဒရစ်က ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ ဒေါ့မွန်ကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အပါအဝင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ငါးပွဲတိတိ လူစားဝင်ကစားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ တော့တင်ဟမ်မှရောက်ရှိလာပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်ဘော်လွန်းဒီအော်ဆုရှင်က ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ခြောက်ကြိမ်၊ လာလီဂါချန်ပီယံဆု လေးကြိမ်အပါအဝင် ဆုဖလား ၂၈ လုံးအထိ အနိုင်ရရှိခဲ့ပါတယ်။
မိုဒရစ်ကိုယ်တိုင်လည်း ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွှဲလိုနေပြီး သူ့အတွက် အခွင့်အလမ်းတိုးမြှင့်နိုင်ရေးအလို့ငှာ လာမယ့်ဘောလုံးရာသီ၊ အဆင့်အမြင့်ဆုံးပြိုင်ပွဲတွေမှာ ဆက်လက်ပါဝင်ကစားဖို့ လိုလားနေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ စီးရီးအေပြိုင်ပွဲမှာ အဋ္ဌမနေရာနဲ့ ရာသီသိမ်းပြီးနောက် အေစီမီလန်က ကွင်းလယ်ကစားသမားရိန်ဒါစ်ကို မန်စီးတီးဆီ ရောင်းချခဲ့သလို ဆော်ဒီပရိုလိဂ်ကလပ်အသင်း အယ်လ်ဟီလယ်နဲ့ ဘယ်အစွန်နောက်ခံလူသီယိုဟာနန်ဒက်ဇ်တို့ကြားမှာလည်း အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခု ပြုလုပ်ဖို့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။