
အာဆင်နယ်အားကစားဒါရိုက်တာဟောင်း အီဒူကို နော်တင်ဟမ်ဖောရက်စ် ခေါ်ယူ
နော်တင်ဟမ်ဖောရက်စ်ဟာ အာဆင်နယ်အားကစားဒါရိုက်တာဟောင်း အီဒူဂတ်စ်ပါကို အသင်းရဲ့အားကစားဒါရိုက်တာအဖြစ် ခေါ်ယူခန့်အပ်လိုက်ကြောင်း ကြေညာလာခဲ့ပါတယ်။ အီဒူဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကမှာ အာဆင်နယ်နဲ့ ရုတ်တရက်လမ်းခွဲခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အတော်လေးအံ့အားသင့်ခဲ့ရပါတယ်။ အီဒူရဲ့စွမ်းဆောင်မှုနဲ့အတူ အာဆင်နယ်ဟာ ကစားသမားကောင်းတွေဖြစ်တဲ့ မာတင်အိုဒီဂတ်နဲ့ ဒီကလန်ရိုက်စ်တို့ကိုခေါ်ယူနိုင်ခဲ့သလို၊ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကိုလည်း ပိုမိုတိုးတက်အောင်မြှင့်တင်နိုင်ခဲ့ပါတယ်။
မကြာသေးမီနှစ်များအတွင်း အာဆင်နယ်အနေနဲ့ ဥရောပတစ်ဝှမ်းကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့ခြင်းမှာ အီဒူရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုက အဓိကအခန်းကဏ္ဍကနေ ပါဝင်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အီဒူဟာနော်တင်ဟမ်ဖောရက်စ်နဲ့လက်တွဲလိုက်ပြီဖြစ်ကြောင်း ကလပ်ရဲ့ဝက်ဘ်ဆိုက်ဒ်ကနေ တရားဝင်ဖော်ပြခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်က "အီဒူက အသင်းအတွက် ကမ္ဘာ့အဆင့် ဘောလုံးအတွေ့အကြုံတွေယူဆောင်ပေးနိုင်ပါတယ်။ ပြီးတော့ သူကျော်ဖြတ်ခဲ့တဲ့ ထိပ်တန်းကစားသမားဘဝကလည်း အတော်ပဲ လေးစားစရာကောင်းခဲ့ပါတယ်" လို့ရေးသားခဲ့ပါတယ်။
အီဒူဟာ အားကစားဒါရိုက်တာတစ်ယောက်အဖြစ် ၂၀၁၁ ခုနှစ်မှာစတင်လုပ်ဆောင်ခဲ့ပြီး ကိုရင်သီရန်၊ဘရာဇီးလက်ရွေးစင်အသင်းနဲ့ အာဆင်နယ်တို့လို ထိပ်တန်းအသင်းတွေမှာပဲ ကျင်လည်နေခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဘရာဇီးအသင်းနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နော်တင်ဟမ်နဲ့ချိတ်ဆက်ပြီးနောက် အီဒူကလည်း "အခုလို ကျွန်တော့်ရဲ့အခန်းကဏ္ဍသစ်အတွက် အရမ်းစိတ်လှုပ်ရှားနေပြီး နော်တင်ဟမ်ဖောရက်စ်ရဲ့ယုံကြည်မှုအတွက်လည်း ဂုဏ်ယူမိပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကမ္ဘာ့ဘောလုံးလောကမှာ အသင်းကိုအတတ်နိုင်ဆုံးကူညီပြီး ကလပ်ဥက္ကဌရဲ့မျှော်လင့်ချက်တွေကိုလည်း ဖြည့်ဆည်းပေးဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဥက္ကဌ အီဗန်ဂျယ်လိုစ်မာရီနာကီစ်က "အီဒူနဲ့အတူ လက်တွဲခွင့်ရလို့ အရမ်းဝမ်းသာပြီး ကလပ်ကနေ ကြိုဆိုကြောင်းပြောချင်ပါတယ်။ သူ့ရဲ့ ကမ္ဘာ့အဆင့်အတွေ့အကြုံတွေနဲ့ လုပ်ဆောင်ချက်တွေက အသင်းရဲ့ ဘောလုံးအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။