ဆာလက်နေရာအတွက် ကြိုတင်စဉ်းစားထားဖို့ အိုဝင် ထောက်ပြ
လီဗာပူးတိုက်စစ်မှူးဟောင်း အိုဝင်က ဆာလက်ရဲ့ဒီရာသီစွမ်းဆောင်ရည်ကျဆင်းလာတာကို ထောက်ပြခဲ့ပြီး ရေရှည်အတွက် ကြိုတင်စဉ်းစားထားဖို့ ပြောကြားလိုက်ပါတယ်။ ဆာလက်ဟာ ပြီးခဲ့တဲ့ဖရန့်ဖတ်ကို အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ အရန်ခုံထိုင်ခဲ့ရပြီး ပွဲအပြီးခရာမှုတ်ချိန်မှာ သူ့အပြုအမူက စိတ်ပူစရာဖြစ်လာခဲ့ပါတယ်။ ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်အတိုင်းပြသဖို့ ရုန်းကန်နေရတာဖြစ်ပြီး ဒီရာသီစလော့လက်အောက်မှာ စွမ်းဆောင်ရည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။
အချက်အလက်တွေအရ ဆာလက်အနေနဲ့ မနှစ်ကထက်စာရင် အခုနှစ်မှာ ကန်ချက် ၊ ဂိုးပေါက်တည့်ကန်ချက် ၊ ထိချက်တွေပါ နည်းပါးလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဝီရက်ဇ် နဲ့ အီဆက်ပါရောက်လာတာကြောင့် စလော့အောက်မှာ နည်းစနစ်အပြောင်းအလဲတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီမြေက ပွဲအပြီးမှာ ဆာလက်ရဲ့အပြုအမူက လီဗာပူးအတွက် ကြီးမားတဲ့စိုးရိမ်မှုဖြစ်လာပါတယ်။ အီဂျစ်သားဟာ အဆိုပါပွဲအပြီး ဥမင်ထဲမှာ အချင်းများမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပွဲအပြီးမနက်ခင်းမှာလည်း ဆာလက်တစ်ယောက် အင်စတာရမ်ကော တွစ်တာကနေ အသင်းနဲ့ပတ်သက်တဲ့ပုံတွေအစား သူ့ပုံတွေ ၊ သမီး ၂ ယောက်ပုံတွေနဲ့ အစားထိုးခဲ့တယ်လို့ သိရပါတယ်။ “ဆာလက်က နှစ်ပေါင်းများစွာဂိုးတွေသွင်းလာတာပါ။ တကယ်လို့ သူနောက်ပွဲဂိုးသွင်းမယ်ဆိုရင် ဘယ်သူမှမအံ့သြလောက်ပါဘူး။ တကယ်လို့ ပရီးမီးယားလိဂ်မှာ သံသယမရှိရမယ့်သူကိုပြပါဆိုရင် သူ့ကိုပြရပါမယ်။ ပြောနေတာကြတာတွေတော့ရှိပါတယ်။ အဲ့တာက သူ့အသက်အရွယ်ပါ။ သူ့အသက်က ၃၃ နှစ်ရှိလာနေပါပြီ။ အဲ့အသက်အရွယ်တုန်းက ကျွန်တော်ဆိုရင် အနားယူလိုက်ပါပြီ။ ခင်ဗျားအနေနဲ့ အမြဲတမ်းသွားမနေနိုင်ပါဘူး။
အဲ့တာက ဖြစ်နိုင်ချေတစ်ခုပါ။ နောက်တစ်ခုက အာနိုးလ်မရှိတော့တာကြောင့် အခြေအနေတွေက ပြောင်းလဲခဲ့တာပါ။ ဘရက်ဒလေက မတူညီစွာကစားနေတာဖြစ်ပြီး သူက ဆာလက်နဲ့ချိတ်ဆက်ရမယ့်အစား သူ့ဘာသာပဲပြေးလွှားနေတာပါ။ ကျွန်တော် ယခင် TV Show တစ်ခုမှာပြောခဲ့သလို ဆာလက်က မနှစ်ကထက်စာရင် ဘောလုံးကို အောက်ဆင်းယူရတာ ၁၀% ပိုများလာပါတယ်။ နည်းစနစ်တော့မပြောင်းပေမယ့် အခြေအနေပြောင်းလဲလာတာပါ။ တိုက်စစ်ကစားသမားတိုင်း ဒီလိုဖြတ်သန်းရပါတယ်။ မကြာခင်မှာ သူပြန်လာနိုင်ပါလိမ့်မယ်”လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။
စလော့အနေနဲ့ ဆာလက်ကို အခုအပတ်ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းထဲ ပြန်လည်ထည့်သွင်းလာဖို့ လိုအပ်နေပါတယ်။ တကယ်လို့ ထပ်မံချန်လှပ်ခဲ့မယ်ဆိုရင်တော့ အသင်းကနေထွက်ခွာနိုင်ချေက ပိုများလာနိုင်ပြီး လာမာ့်အောက်တိုဘာ ၂၉ မှာ လီဗာပူးဟာ ပဲလေ့စ်အသင်းကို လိဂ်ဖလားပွဲအဖြစ် ဧည့်ခံရမှာဖြစ်ပြီး အဲ့နောက် ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ကစားရမှာဖြစ်ပါတယ်။