The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီလိုက်တဲ့ ဒီဂျောင်

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။သို့သော်လည်း ကစားသမားအနေနဲ့ လစာကိုတော့ ပုံမှန်ပမာဏအတိုင်း ဆက်လက်ရရှိမှာမဟုတ်ဘဲ လျှော့ယူသွားရမှာဖြစ်ပါတယ်။ 

စပိန်သတင်းတွေအရ ဒီဂျောင်ဟာ ယခုနှစ်အစောပိုင်းမှာ အေးဂျင့်အပြောင်းအလဲပြုလုပ်ခဲ့တာကြောင့် ဘာစီလိုနာနဲ့စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စ သောင်မတင်ရေမကျဖြစ်နေခဲ့ပြီး ယခုအခါမှသာ သဘောတူညီမှုရရှိခဲ့တယ်လို့ဆိုပါတယ်။ ဘာစီလိုနာအနေနဲ့ အသင်းခေါင်းဆောင်တွေထဲမှ တစ်ဦးဖြစ်တဲ့ ဒီဂျောင်ကို အသင်းမှာဆက်လက်ထိန်းသိမ်းလိုနေတာကြောင့် စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေကို လျင်လျင်မြန်မြန်ပဲ ပြီးပြတ်အောင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အသက်-၂၈ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ဟာ နည်းပြဟောင်း ဟန်ဆီဖလစ်ရဲ့ပရောဂျက်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေသူဖြစ်ပြီး ဘာစီလိုနာရဲ့ကွင်းလယ်ပိုင်းမှာ အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို ပြန်လည်ဆွတ်ခူးဖို့ကြိုးစားနေတဲ့ ဘာစီလိုနာအတွက် ဒီဂျောင်ရဲ့စာချုပ်သစ်ဟာ တစ်တပ်တစ်အားအနေနဲ့ အင်အားဖြည့်တင်းစေမှာဖြစ်တယ်လို့လည်း သတင်းတွေကဖော်ပြထားပါတယ်။

ဒီဂျောင်ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့ကြောင်း ကလပ်ဥက္ကဌ လာပေါ်တာက "ဒီဂျောင်နဲ့ စာချုပ်သစ်ချုပ်ဖို့ လုပ်ဆောင်နေပါတယ်။ သူ့ရဲ့ခြေစွမ်းက အသင်းအတွက်အရမ်းအရေးပါပါတယ်။ ကျွန်တော်တို့ ဒီနှစ်ကုန် အသင်းနဲ့စာချုပ်ကုန်မယ့်ကစားသမားတွေကို စာချုပ်သစ်ချုပ်မှာမဟုတ်ကြောင်း ပြောခဲ့ပေမယ့် ဒီဂျောင်ကိုတော့ အေးဂျင့်အပြောင်းအလဲကြောင့် ခြွင်းချက်အနေနဲ့ အသင်းမှာဆက်ထားသွားမှာပါ။ လက်ရှိစာချုပ်သစ်ကိုလည်း သူ့အနေနဲ့သဘောတူမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
 
ဒီဂျောင်ဟာ မကြာသေးမီကမှ ဖခင်တစ်ယောက်ဖြစ်လာခဲ့သူဖြစ်ပြီး စိတ်ဓာတ်ပိုင်း တက်ကြွနေကာ ဘာစီလိုနာမှာဆက်နေဖို့အတွက်လည်း ရည်ရွယ်ထားတယ်လို့သိရပါတယ်။ လာမယ့် သောကြာနေ့မှာတော့ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ရီးရဲလ်အိုဗီဒိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီဂျောင်တစ်ယောက် အဆိုပါပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။