The network connection is lost.

Banner Image

ကိုပါဒယ်ရေးဖိုင်နယ်ပွဲကလုပ်ရပ်ကြောင့် ရူဒီဂါကို နိုင်ငံအသင်းကနေ ထုတ်ပယ်စေချင်နေတဲ့ ဂျာမနီလူမျိုးများ

ဘာစီလိုနာနဲ့ ကိုပါဒယ်ရေးဖိုင်နယ်ပွဲကလုပ်ရပ်ကြောင့် ဂျာမနီလူမျိးများက ရူဒီဂါကို နိုင်ငံအသင်းကနေ ထုတ်ပယ်စေချင်နေကြတယ်လို့ သိရပါတယ်။ ရီးရဲလ်စတားဟာ ကွင်းလယ်ဒိုင် ရီကာဒိုကို ကိုယ်ထိလက်ရောက်စော်ကားခဲ့ပြီးနောက် အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်သားဟာ အဆိုပါဖြစ်ရပ်မတိုင်ခင် လူစားလဲခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့လုပ်ရပ်ကြောင့် ကာလရှည်ပွဲပယ်ခံရနိုင်ချေရှိနေပါတယ်။

ဖီဖာကွင်းလယ်ဒိုင်ဟောင်း ကင်ဟိုဖာကတော့ နာဂယ်စမန်းအနေနဲ့ ရူဒီဂါရဲ့အခြေအနေကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းပြောကြားလိုက်ပြီး သူ့ရဲ့လုပ်ရပ်က အသင်းရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ ထောက်ပြခဲ့ပါတယ်။ “ရူဒီဂါရဲ့အပြုအမူက ရှက်စရာပါ။ နိုင်ငံအသင်းနည်းပြအနေနဲ့ သူ့လိုကစားသမားကို အသင်းထံခေါ်ယူဖို့ ပြန်လည်စဉ်းစားဖို့ လိုအပ်ပါတယ်”လို့ ကင်ဟိုဖာက ပြောကြားခဲ့ပါတယ်။

ဂျာမန်သတင်းဌာန BILD က စာဖတ်သူ ၁၈၀၀၀ ထံကနေ စစ်တမ်းတစ်ခုကောက်ယူခဲ့ပြီး ၇၈% လောက်က ချဲလ်ဆီးစတားဟောင်းကို နိုင်ငံအသင်းကနေ ထုတ်ပယ်ချင်နေကြကာ ၂% လောက် မဲမပေးပဲနေခဲ့ကြပါတယ်။ ၂၀% သောလူတွေကတော့ ရီးရဲလ်စတားအနေနဲ့ နိုင်ငံအသင်းကနေ အထုတ်မခံရသင့်ဘူးလို့ ယူဆနေကြပါတယ်။ ဂျာမနီအသင်းအားကစားဒါရိုက်တာ ဗော်လာကတော့ ရူဒီဂါရဲ့ကိုပါဒယ်ရေးဖိုင်နယ်ကလုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့အပြုအမူက နိုင်ငံအသင်းကို မထိခိုက်စေဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “တိုနီက တကယ့်ကစားသမားကောင်းပါ။ ဒါပေမယ့် နိုင်ငံအသင်းကစားသမားအနေနဲ့ သူ့ရဲ့အဆင့်အတန်းကို ပြသဖို့ လိုအပ်ပါတယ်။ သူ့ကိုယ်သူ လေးစားမှုရှိဖို့ တောင်းဆိုရပါမယ်။ ဒါပေမယ့် မျှော်လင့်ချက်မထားပဲ အခြားသူတွေကိုလည်း တူညီတဲ့လေးစားမှုပေးဖို့ လိုအပ်ပါတယ်။ အခုဖြစ်ရပ်မှာလည်း ပရိသတ်အားအပြင် အသင်းဖော်တွေကြောင့်လည်း ပိုဆိုးသွားတာပါ။ 

တိုနီ နဲ့ နာဂယ်စမန်းတို့ကြား မနေ့ညတုန်းက စကားပြောဖြစ်ခဲ့ပါတယ်။ သူတို့အခြေအနေတွေအကြောင်း ပြောဖြစ်ပါတယ်။ အတွင်းပိုင်းထဲမှာလည်း တာဝန်ရှိသူတွေကြား ပြောဆိုဖြစ်ပါတယ်”လို့ ဗော်လာက ပြောကြားခဲ့ပါတယ်။ အသက် ၃၂ နှစ်သားဟာ ကိုပါဒယ်ရေးဖိုင်နယ်ပွဲက လုပ်ရပ်ကြောင့် ၄ ပွဲကနေ ၁၂ ပွဲအထိ အပယ်ခံရဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်ပြစ်ဒဏ်ထပ်တိုးခဲ့ရင် လာမယ့်ကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ပါ ထိခိုက်ဖွယ်ရှိနေပါတယ်။