The network connection is lost.

Banner Image

မွေးရပ်မြေခရိုအေးရှားမှာ ကွန်မန်ဒိုတပ်ဖွဲ့နဲ့ မစ်ရှင်တွေလုပ်ဆောင်ခဲ့တဲ့ ဂျီဗာဒီအော

မန်ချက်စတာစီးတီးနောက်ခံလူ ဂျိုစ်ကိုဂျီဗာဒီအောဟာ နွေရာသီအားလပ်ရက်မှာ မွေးရပ်မြေခရိုအေးရှားသို့ပြန်ပြီး ကွန်မန်ဒိုတပ်ဖွဲ့နဲ့အတူ စစ်ရေးမစ်ရှင်တွေပြုလုပ်နေခဲ့ပြီး မစ်ရှင်တစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဂျီဗာဒီအောဟာ Commando Squad 9 ပွဲတော်မှာဝင်ရောက်ဆင်နွှဲခဲ့တာဖြစ်ပြီး ကွန်မန်ဒိုတစ်ဦးရဲ့ပုံစံအတိုင်း ဝတ်စုံပြည့်ဝတ်ဆင်ကာ ဓာတ်ပုံတွေကိုတော့ အင်စတာဂရမ်မှတစ်ဆင့် ပြန်လည်ဝေမျှထားပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ကွန်မန်ဒိုဝတ်စုံကို အပြည့်အစုံဝတ်ဆင်ထားသလို၊ လေကျင့်ရေးသေနတ်တွေကိုလည်း ကိုင်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ 

ကစားသမားဟာ တကယ့်ကွန်မန်ဒိုတစ်ယောက်လို တောထဲမှာလျှောက်သွားခဲ့ရသလို တောင်တွေတက်၊ လယ်ကွင်းတွေဖြတ်ပြီး ရေကန်တွေထဲပါ ဆင်းခဲ့ရတာဖြစ်ပါတယ်။ အင်စတာဂရမ်မှမျှဝေခဲ့တဲ့ ဓာတ်ပုံတွေမှာတော့ ဂျီဗာဒီအောဟာ "အခုလို ကွန်မန်ဒိုတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ကို ကျွန်တော်အမြဲတမ်းသိချင်နေခဲ့တာပါ။ ကျွန်တော် စစ်ရေးမစ်ရှင်တစ်ခုကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့ပါတယ်" လို့ရေးသားခဲ့ပါတယ်။ 

အခုလို ပုံမှန်မဟုတ်တဲ့ ဂျီဗာဒီအောရဲ့ ထူးခြားတဲ့ အနားယူအပန်းဖြေမှု ကို ပရိသတ်တွေအနေနဲ့ တအံ့တဩဖြစ်ခဲ့ကြပြီး "ရုပ်ရှင်ကုမ္ပဏီတွေကတော့ လာခေါ်တော့မှာပဲ" "Call of Duty ထဲက စစ်သားတစ်ယောက်လိုပဲ" "ဘောလုံးကန်မယ့်အစား ကွန်မန်ဒိုလုပ်သင့်တာ" "မန်ချက်စတာကိုပြန်လာခဲ့တော့ ရာသီသစ်အတွက်မင်းကိုလိုအပ်နေပြီ" စသဖြင့် မှတ်ချက်တွေပေးခဲ့ကြပါတယ်။ 

ယခုနွေရာသီအတွင်းကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအနေနဲ့ စောစောစီးစီးထွက်ခွာခဲ့ရတာကြောင့် ဂျီဗာဒီအောတစ်ယောက် အားလပ်ရက်တွေအများအပြားရရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကလပ်အတော်များများက ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ပြီး ခြေစမ်းပွဲစဉ်တွေကစားနေကြပေမယ့် မန်စီးတီးကတော့ အခုချိန်အထိ တစ်သင်းလုံး အနားယူနေဆဲဖြစ်ပါတယ်။ လာမယ့် ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ မန်စီးတီးဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ဝုဗ်နဲ့ စတင်ယှဉ်ပြိုင်ကစားသွားရပါမယ်။