
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်လာပေမယ့် ဆိုးရွားတဲ့ရာသီတစ်ခုဖြစ်တယ်လို့ ဂွါဒီယိုလာပြောကြား
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလွန်နီးစပ်လာပေမယ့် ဒီရာသီဟာ အလွန်ဆိုးရွားတဲ့ရာသီတစ်ခုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးဟာ အက်စတွန်ဗီလာကို မားသီးယက်စ်နူနက်စ်ရဲ့နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဥရောပဝင်ခွင့်အတွက် အတော်လေးအားကောင်းလာခဲ့ပါတယ်။
အဆိုပါနိုင်ပွဲကြောင့်မန်စီးတီးဟာ ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၁၈ မှတ်အထိ ကွာဟနေသေးပေမယ့် အမှတ်ပေးဇယားရဲ့ တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဂွါဒီယိုလာကတော့ "ဒီရာသီက အတော်လေးဆိုးရွားခဲ့ပါတယ်။ ကျွန်တော်တို့ အက်ဖ်အေဖလား ဗိုလ်လုပွဲပဲရောက်ရောက်၊ ချန်ပီယံလိဂ်ဝင်ခွင့်ပဲရရပါ။ ရာသီတစ်ခုမှာ ကောင်းတယ်ဆိုးတယ်ဆိုတာ အက်ဖ်အေဖလားတွေ၊ ချန်ပီယံလိဂ်ဝင်ခွင့်တွေနဲ့ မဆိုင်ပါဘူး။ အဓိကက ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းနေမှ ကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်မှာပါ။ ပရီးမီးယားလိဂ်မှာ တည်ငြိမ်နေဖို့လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ ဆိုးရွားတဲ့ရာသီတွေနဲ့ ကြုံရမှာပါပဲ။ ပရီးမီးယားလိဂ်မှာက အသင်းကောင်းတွေချည်း စုနေတာလေ" လို့ပြောကြားခဲ့ပါတယ်။
ဘောလုံးဝေဖန်သုံးသပ်သူ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းကတော့ ဒီရာသီ မန်စီးတီးရဲ့ အဆုံးသတ်ဟာ တရားမျှတမှုမရှိကြောင်း ထောက်ပြပြောကြားလာခဲ့ပါတယ်။ ကွင်းလယ်လူဟောင်းက "ဒီရာသီက မန်စီးတီးအတွက် အရမ်းကြမ်းတမ်းခဲ့ပါတယ်။ ရာသီအစမှာပဲ အဓိက ကွင်းလယ်လူ ရိုဒရီကို ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ အဲဒီအချိန်မှာ အသင်းရဲ့ခြေစွမ်းက ပုံမှန်အတိုင်းရှိမနေခဲ့ပါဘူး"
"ဒါက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သူတို့ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် အရမ်းမဆိုးသေးဘူးလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ရာသီအချို့မှာ သူတို့က အမြင့်ဆုံးတွေစွမ်းဆောင်ပြထားနိုင်လို့ ဒီရာသီသူတို့အခြေအနေက ဆိုးရွားတယ်လို့ ထင်ရတာပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ မန်စီးတီးဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မတိုင်မီ စနေနေ့မှာတော့ နောက်ထပ် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ အက်စတွန်ဗီလာတို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။