The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ ချာကီကို ဂွါဒီယိုလာချီးကျူး

ကြာသပတေးနေ့နက်က ဘရန့်ဖို့ဒ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြသကစားခဲ့သလို၊ ဦးဆောင်ဂိုးလည်းသွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ရာယန်ချာကီကို မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ လက်ရှိချန်ပီယံ နယူးကာဆယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ယခုဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ မန်စီးတီးအတွက်ဦးဆောင်ဂိုးကို ပထမပိုင်း ၃၂ မိနစ်မှာ ချာကီက ဂိုးဧရိယာအပြင်မှ ညာခြေကန်ချက်နဲ့သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ပွဲအပြီးမှာ ဂွါဒီယိုလာက "ပြိုင်ဘက်ဂိုးဧရိယာရဲ့ ၁၈ ကိုက်စည်းအတွင်းမှာ ချာကီက တကယ်ကိုထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ ဒီနေ့ပွဲမှာလည်း အရမ်းကောင်းတဲ့သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မျက်စိမမြင်တဲ့လူတောင် ဒီဂိုးက အရမ်းကောင်းတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကို သတင်းထောက်တစ်ယောက်၊ ဒါမှမဟုတ် မန်နေဂျာတစ်ယောက်ကမှ သိနိုင်တာမဟုတ်ပါဘူး" လို့ချီးကျူးပြောဆိုခဲ့့ပါတယ်။ 

ဆက်လက်ပြီး ဂွါဒီယိုလာက အဆိုပါပြင်သစ်လက်ရွေးစင်လူငယ်ကစားသမားကို မန်စီးတီးရဲ့အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ဖီးလ်ဖိုဒန်၊ ကယ်ဗင်ဒီဘရိုင်းတို့လို ကစားသမားတွေနဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ပါတယ်။  စပိန်သားနည်းပြက "ဒီလိုဂိုးမျိုးကို ဖိုဒန်သွင်းခဲ့ဖူးတာ အကြိမ်ကြိမ်မြင်ဖူးခဲ့သလို၊ ဒီဘရိုင်းသွင်းတာလည်း မြင်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနေ့မှာ ချာကီက သူတို့နှစ်ယောက်ပုံစံအတိုင်း ပွဲကိုအဖွင့်လှစေခဲ့တယ်လို့ပြောရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ချာကီအနေနဲ့ မန်စီးတီးအတွက်ကစားခဲ့တဲ့ ပြိုင်ပွဲစုံနာက်ဆုံး ၄ ပွဲမှာ ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပေမယ့် ယခုဘရန့်ဖို့ဒ်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ တာဝန်မကျေမှုတွေရှိခဲ့တာကြောင့် ကြိုးစားဖို့လိုအပ်နေသေးကြောင်း ဂွါဒီယိုလာက ထောက်ပြခဲ့ပါတယ်။ 

စပိန်သားက "ဒီနေ့ပွဲမှာ အရန်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက်လည်း တကယ်ကိုကျေနပ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒုတိယပိုင်းမှာ ချာကီက နောက်တန်းပိုင်းကို သိပ်ပြီးမကူညီနိုင်ခဲ့ပါဘူး။ နောက်တန်းမှာရော၊ ရှေ့တန်းမှာရောတစ်ပြိုင်နက်တည်းကစားဖို့ သူ့မှာ လုံလောက်တဲ့စွမ်းအင်မရှိပါဘူး။ ဆာဗင်ဟိုလည်း အတူတူပါပဲ" လို့ပြောကြားခဲ့ပါတယ်။