
အဆင့်၂နေရာထက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အက်ဖ်အေဖလားကိုသာ အဓိကထားမယ်လို့ ဂွါဒီယိုလာဆို
မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ဒုတိယနေရာရရှိဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရရှိရေးကိုသာ အဓိကထားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ယနေ့နံနက် အီတီဟတ်ကွင်းမှာ ဝုဗ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ စီးတီရဲ့ လိဂ်အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဒီဘရိုင်းရဲ့ သွင်းဂိုးတစ်ဂိုးနဲ့သာ အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက်အနိုင်ရရှိခြင်းဖြစ်သလို ပြိုင်ပွဲစုံ ၅ ပွဲဆက်အနိုင်ရရှိကာ အမှတ်ပေးဇယားရဲ့ တတိယနေရာကိုရောက်ရှိခဲ့ပြီး လက်ကျန်ပွဲကစားရန် ကျန်သေးတဲ့ အာဆင်နယ်အသင်းနဲ့ ၃ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။
ဒါပေမဲ့ မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို ကျော်ဖြတ်ဖို့ ပစ်မှတ်ထားထားသလားလို့ မေးမြန်းတဲ့အခါမှာတော့ ဂွါဒီယိုလာက ရှင်းရှင်းလင်းလင်းဖြေကြားခဲ့ပါတယ်။ ဂွါဒီယိုလာက "သူတို့မှာ လက်ကျန်ပွဲတစ်ပွဲရှိနေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပစ်မှတ်မဟုတ်ပါဘူး" လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ အလေးအနက်ပြောကြားခဲ့ပါတယ်။ အသင်းရဲ့ လက်ရှိဦးစားပေးကိစ္စတွေကိုလည်း ဂွါဒီယိုလာက"ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့နဲ့ အက်ဖ်အေဖလား ရဖို့ကသာ ကျွန်တော်တို့ရဲ့ ပစ်မှတ်ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။