ဟာလန်း၊ ရိုဒရီတို့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့သတင်းစကားကို ဖွင့်ဟလာတဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက အခုညပိုင်း၊ ဘုန်းမောက်နဲ့ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကို ဟာလန်းပါဝင်ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီး ရိုဒရီကိုလည်း ပွဲနေ့လူစာရင်းမှာ ပါဝင်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ မန်စီးတီးက အီရာယိုလာရဲ့အမြင့်ပျံနေတဲ့ချယ်ရီတွေကို အီတီဟတ်ကွင်းမှာ ဧည့်ခံကစားရပါလိမ့်မယ်။
ဟာလန်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဆုတ်ယုတ်မှုတစ်ခုကို ခံစားခဲ့ရပြီး ဆွမ်ဆီးနဲ့ရင်ဆိုင်ရတဲ့ ကာရာဘောင်ဖလားပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြကိုယ်တိုင်ကတော့ တိုက်စစ်မှူး အဆင်သင့်ဖြစ်နေပါပြီလို့ ပြောခဲ့ပါတယ်။သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဘုန်းမောက်နဲ့ပွဲစဉ်အတွက် ဟာလန်းပါဝင်နိုင်မလားဆိုတဲ့ မေးခွန်းကို ပက်ဂွါဒီယိုလာက “Yeah” လို့ ရိုးရိုးရှင်းရှင်းတုံ့ပြန်ဖြေကြားခဲ့ပါတယ်။
တဖက်မှာလည်း ရိုဒရီက အောက်တိုဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဘရန့်ဖို့ဒ်ကို အနိုင်ရရှိတဲ့ပွဲစဉ်ကတည်းက အသင်းအတွက် မကစားပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပက်ဂွါဒီယိုလာကတော့ အခုသီတင်းပတ်ကုန်ပိုင်းမှာ စပိန်သားရဲ့အကူအညီတွေ ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ပက်ဂွါဒီယိုလာက “ ရိုဒရီလည်း အသင်းကို ကူညီပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ပွဲထွက်ခွင့်အတွက်တော့ ကျွန်တော်လည်း သေချာမသိသေးပေမယ့် ကျွန်တော်တို့နဲ့အတူရှိနေနိုင်ဖို့ မျှော်လင့်ထားပါတယ်။
သူက ကာလအနည်းငယ်အနားယူခဲ့ပါတယ်။ အသင်းအတွက် သူ ဘယ်လောက်အထိအရေးပါသလဲဆိုတာ ကျွန်တော်တို့လည်း သိရှိထားပါတယ်”လို့ ပြောပါတယ်။