
ပွဲစဉ်ဇယားအကျပ်အတည်းနဲ့ရင်ဆိုင်ရချိန် အသင်းလူစာရင်းပိုင်းဆီ ပြတ်ပြတ်သားသားတောင်းဆိုလိုက်တဲ့ ဟန်စီဖလစ်ခ်
ဂီတာဖေးကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ လာလီဂါပွဲစဉ်အပြီး ဘာစီလိုနာအရန်ကစားသမားတွေအတွက် ရှင်းလင်းပြတ်သားလှတဲ့ သတင်းစကားတစ်ခုကို ဟန်စီဖလစ်ခ် ပေးပို့ခဲ့ပါတယ်။ ဘာစီလိုနာက အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းရင်း စတုတ္ထမြောက် လာလီဂါနိုင်ပွဲကိုရယူကာ အမှတ်ပေးဇယားဦးဆောင်သူ ရီးရဲလ်မက်ဒရစ်နဲ့ နှစ်မှတ်အကွာအနေအထားဆီ ရောက်ရှိခဲ့ပါတယ်။
ဂျိုဟန်ခရိုက်ဖ်ကွင်းရဲ့ပထမပိုင်းပွဲချိန်တွေမှာ ဖာရန်တောရက်စ်က နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဒါနီအိုလ်မိုကလည်း ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် သူ့ရဲ့ဗွေဆော်ဦးသွင်းဂိုးကို ရှာဖွေနိုင်ခဲ့ပါတယ်။ နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ပွဲထွက်လူစာရင်းဆီ အလှည့်ကျပါဝင်ခွင့်ရရှိခဲ့တဲ့ ဒီကစားသမားနှစ်ဦးလုံးက ရရှိလာတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
တိုင်နေးဆိုဒ်မှာ အခုနွေရာသီ၊ မန်ချက်စတာယူနိုက်တက်မှ အငှားဖြင့်ရောက်ရှိလာတဲ့ ရက်ရှ်ဖို့ဒ်က စပိန်မြေကစားသမားဘဝ၊ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ဟန်စီဖလစ်ခ်အတွက် အသင်းလူစာရင်းပိုင်း ကျစ်လစ်ခိုင်မာမှုကသာ အရေးကြီးနေပါတယ်။ ဒါ့အပြင် သွင်းဂိုးလေးဂိုးနဲ့အတူ အသင်းရဲ့အခုရာသီထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေတဲ့ ဖာရန်တောရက်စ်ကြောင့် စိတ်အားထက်သန်မှုထိန်းသိမ်းနိုင်ဖို့ကလည်း ဟန်စီဖလစ်ခ်အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါလိမ့်မယ်။
လီဝန်ဒေါစကီး ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် တောရက်စ်က ဦးစားပေးကစားသမား မဖြစ်လာနိုင်ပေမဲ့ ယာမယ်လ်ရဲ့ဒဏ်ရာပြဿနာကြောင့် နေရာလွတ်တွေတော့ ရှိနေပါသေးတယ်။ ဟန်စီဖလစ်ခ်ကိုယ်တိုင်လည်း စည်းလုံးညီညွှတ်တဲ့တိုက်စစ်ပိုင်းစုဖွဲ့မှု ကို လိုချင်နေပါတယ်။ ပွဲစဉ်အပြီး ဟန်စီဖလစ်ခ်က “ ထိပ်တန်းပုံစံကောင်းမှာရှိနေတဲ့ ကစားသမားတွေ အသင်းမှာရှိနေဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ သုံးရက်တစ်ကြိမ်၊ လေးရက်တစ်ကြိမ်လောက် ကျွန်တော်တို့ ကစားရပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ကစားသမားတွေ ထိပ်တန်းအဆင့်မျိုးမှာ စွမ်းဆောင်ပြနိုင်တာ အရမ်းကောင်းပါတယ်။
ကျွန်တော်တို့အတွက် ကစားသမား ၂၅ ဦးကျော်ရှိပြီး အားလုံးကို လိုအပ်ပါတယ်။ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာကတော့ အသင်းရဲ့ကောင်းကျိုးစီးပွားအတွက် သူတို့ရဲ့အကောင်းဆုံးပုံစံကို ကစားသမားတိုင်း ပေးဆပ်သွားဖို့ပါပဲ။ ဒါကို ဒီနေ့မှာ ဒါနီအိုလ်မို လုပ်ပြခဲ့ပါတယ်။ ဒါမျိုးကသာ ဘောလုံးရာသီတလျှောက်လုံး သူ့ဆီမှ မျှော်လင့်နေရမယ့်အရာ ဖြစ်ပါတယ်။
အသင်းမှာရှိနေတဲ့ကစားသမားတိုင်းက အရေးကြီးပါတယ်။ ဒီလိုတိုက်စစ်မှူးကောင်းတွေ ရှိနေလို့ ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ သူတို့က ကျွန်တော်တို့ကို အများကြီးကူညီပေးပါတယ်”လို့ ပြောပါတယ်။ ဘာစီလိုနာက လာမယ့်သီတင်းပတ်ကုန်၊ ဆိုစီဒက်နဲ့ အိမ်ကွင်းပွဲစဉ်မတိုင်ခင် ကြားရက်မှာ အိုဗီဒိုနဲ့ အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။