
ခြေစမ်းပွဲစဉ်တွေမှာလည်း အကောင်းဆုံးပုံစံနဲ့ကစားသွားချင်တယ်လို့ ဖွင့်ဟလာတဲ့ ဟန်စီဖလစ်ခ်
ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာလည်း အစွမ်းကုန်ပေးဆပ်ကစားကြခြင်းဖြင့် သူ့အသင်းရဲ့ပန်းတိုင်ဟာ အမြဲတမ်းတသမတ်တည်းရှိနေပါတယ်လို့ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ ဘာစီလိုနာအသင်းရဲ့ 2025 Asia Tour က ငါးရက်သာကျန်ရှိတော့တဲ့ လမ်းတစ်ဝက်ခရီးဆီ ရောက်ရှိနေပါပြီ။ ဒီခရီးစဉ်ရဲ့ဒုတိယမြောက်ပွဲစဉ်အဖြစ် FC Seoul နဲ့ရင်ဆိုင်ရမယ့် Seoul World Cup Stadium ကွင်းပွဲစဉ်မတိုင်ခင် အသင်းတည်းခိုရာဟိုတယ်မှာ မီဒီယာတွေနဲ့တွေ့ဆုံမှုဆီ နည်းပြဟန်စီဖလစ်ခ် တက်ရောက်လာခဲ့ပါတယ်။ မကြာသေးမီရက်ပိုင်းအတွင်း အပူချိန် ၄၀ ဒီဂရီနီးပါးရှိခဲ့တဲ့ တောင်ကိုရီးယားမြို့တော်ရဲ့ရာသီဥတုကို ရည်ညွှန်းပြီး ဂျာမန်လူမျိုးနည်းပြက “ အပူချိန်ပြင်းထန်နေပေမယ့် အသင်းက ရှင်းလင်းပြတ်သားလှတဲ့ ရည်မှန်းချက်တစ်ခုနဲ့အတူ အရည်အသွေးအပြည့်နဲ့ အပြင်းအထန်ကြိုးစားအားထုတ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်ပွဲစဉ်ပြိုင်ဘက်ဖြစ်တဲ့ FC Seoul နဲ့ပတ်သက်လို့ ဟန်စီဖလစ်ခ်က “ FC Seoul မှာ လင်ဂတ်လို အရမ်းကောင်းတဲ့ကစားသမားတစ်ဦးရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အခုအချိန်မှာလည်း သူတို့တွေ အကောင်းဆုံးလုပ်ပြနေပါတယ်။ ဘောလုံးနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ချဉ်းကပ်မှုတစ်ခု သူတို့မှာရှိနေပေမယ့် ကျွန်တော်ကတော့ ကိုယ့်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဘာစီလိုနာနည်းပြက အခုဘောလုံးရာသီ၊ ကလပ်အသင်းရဲ့ရည်မှန်းချက်အကြောင်းကိုလည်း ရှင်းပြသွားခဲ့ပါတယ်။ ဟန်စီဖလစ်ခ်က “ ခက်ခဲတဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာဖို့ သေချာနေပေမယ့် ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ဘက်မှာပဲ ရှိနေပါတယ်။ ကာလရှည်ဖြတ်သန်းရဖို့ရှိပေမယ့် ကျွန်တော်တို့က ဘာစီလိုနာအသင်းအတွက် ကြိုးစားလုပ်ဆောင်နေပြီး ဆုဖလားတွေ ရယူသွားချင်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီလိုပဲ ဆုဖလားအောင်မြင်မှုတွေ တက်နိုင်သမျှရယူသွားဖို့ဆိုတဲ့ ရည်မှန်းချက်ပဲ ရှိပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ Vissel Kobe နဲ့ ပွဲစဉ်အတွင်း ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အခက်အခဲတချို့ ရှိလာခဲ့ပြီးနောက် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက အာရှရာသီကြိုခရီးစဉ်ရဲ့လက်ကျန်ပွဲစဉ်နှစ်ခုကို ကလပ်အသင်းရဲ့တရားဝင် YouTube channel မှ အခမဲ့ထုတ်လွှင့်ပြသပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။