The network connection is lost.

Banner Image

ကမ္ဘာ့ဖလားအပြီးမှာ အင်္ဂလန်သို့ ပြန်ချင်နေတဲ့ ဟယ်ရီ ကိန်း

ဟယ်ရီ ကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ထဲမှာ ၂၀၂၆ ခုနှစ်မှာ အင်္ဂလန်ကို ပြန်လာနိုင်တဲ့ အချက်တစ်ချက်ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ယူနိုက်တက်သို့ ပြောင်းရွှေ့ဖို့ အလားအလာရှိနေပါတယ်။

ပရီးမီးယားလိဂ်နဲ့ ဘိုင်ယန်မြူးနစ်တို့မှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့တဲ့ ဂျာမနီလက်ရွေးစင်ဟောင်း ဒီးမား ဟာမန်ကတော့ ဂိုးသွင်းစက်ကြီး ကိန်းဟာ လာမယ့်နွေရာသီ ကမ္ဘာ့ဖလားအပြီးမှာ အင်္ဂလန်ကို ပြန်လာဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

ဘိုင်ယန်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့နိုင်မယ့်အချက် ပါဝင်ပြီးတော့ တော့တင်ဟမ်အတွက် ဂိုးအများဆုံး သွင်းယူထားနိုင်သူဟာ ဂျာမနီမှာ ဘွန်ဒက်စ်လီဂါဖလားနဲ့ စူပါဖလားတွေ ရယူခဲ့ပြီးနောက် သူ့ရဲ့ဆုဖလားကျိန်စာကို ချိုးဖျက်ခဲ့တဲ့အတွက် ဇာတိကို ပြန်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဟာမန်က Adventure Gamers သို့ ‘ဟယ်ရီ ကိန်းဟာ လာမယ့်နွေရာသီမှာ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် အချက်တစ်ချက် ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကလပ်အတွင်းမှာ လူအများအပြားက ကိန်းဟာ ကမ္ဘာ့ဖလားအပြီးမှာ အင်္ဂလန်ကို ပြန်သွားချင်တယ်လို့ ထင်နေကြတာကြောင့် နစ်ခ် ဝေါ်လ်တီမေဒီကို ခေါ်ယူချင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’

‘အဲ့ဒါဟုတ်မဟုတ် ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အကယ်၍ တစ်စုံတစ်ယောက်က ပြောင်းရွှေ့ကြေးပေးပြီး လာမယ့်နွေရာသီမှာ သူ ထွက်ခွာဖို့ ရွေးချယ်နိုင်တယ်ဆိုရင် ဒါဟာ ဘိုင်ယန်မှာ သူ့ရဲ့ နောက်ဆုံးရာသီ ဖြစ်နိုင်ပါတယ်။တစ်စုံတစ်ယောက်က လာမယ့်နွေရာသီမှာ သူ့အတွက် ပေါင် သန်း ၅၀ ၊ ဒါမှမဟုတ် သန်း ၆၀ ပေးချေမလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒီရာသီမှာ ကမ္ဘာ့ဖလားမှာ ဘာတွေဖြစ်မလဲဆိုတာနဲ့ ပတ်သက်နေမှာပါ။ ဒါပေမဲ့ လူတော်တော်များများကတော့ သူ လာမယ့်နွေရာသီမှာ အင်္ဂလန်ကို ပြန်ချင်တယ်လို့ ထင်နေကြပုံရပါတယ်’ လို့ ပြောဆိုခဲ့ပါတယ်။

တော့တင်ဟမ်အနေနဲ့ ကိန်းအတွက် ကမ်းလှမ်းလာတဲ့ ပြောင်းရွှေ့ကြေးကို ကိုက်ညီအောင် ပြန်လည်ကမ်းလှမ်းနိုင်တဲ့အခွင့်အရေး ရှိနေပေမယ့် ဟာမန်ကတော့ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်ကို ရောက်သွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ‘လာမယ့်ရာသီမှာ ဟယ်ရီ ကိန်းကို ယူနိုက်တက်မှာ ကျွန်တော် မြင်နိုင်သလို၊ သူ အသင်းအတွက် ကောင်းကောင်းလုပ်ပေးနိုင်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်’

‘ဒါပေမဲ့ လန်ဒန်သားဖြစ်တဲ့အတွက် မြောက်ပိုင်းကလပ်တွေကို မသွားချင်ဘူးလို့ ကျွန်တော် အမြဲခံစားခဲ့ရပါတယ်။ တော့တင်ဟမ်အတွက် ကစားခဲ့ပြီးပြီဖြစ်လို့ ချဲလ်ဆီးနဲ့ အာဆင်နယ်က ပြောင်းရွှေ့ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ဖလား ရနိုင်တဲ့အခွင့်အရေး ပေးမယ်ဆိုရင်တော့ ဘယ်သူမှ မသိနိုင်ဘူးလေ’

‘လန်ဒန်ကလပ်ကိုပဲ ပိုပြီး နှစ်သက်လိမ့်မယ်လို့ ကျွန်တော် အမြဲတွေးထင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဆိုတာက အင်္ဂလန်မှာ အခုထိ အကြီးဆုံးကလပ် ဖြစ်နေသေးတာကြောင့် သူတို့က ကိန်းကို လိုချင်ခဲ့ရင် သူတို့ရဲ့ နံပါတ် ၉ ကစားသမားအဖြစ် မြင်ရတာ အံ့မခန်းဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်’ လို့ ဟာမန်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အရင်က ကိန်းကို ခေါ်ယူဖို့ အပြင်းအထန် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်တုန်းကမှ အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီနွေရာသီမှာ ဘင်ဂျမင် ဆက်စ်ကိုကို အပြောင်းအရွှေ့ကြေး အများကြီးသုံးစွဲပြီး ခေါ်ယူထားပေမယ့်လည်း အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းကို အသင်းအတွက် ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လိုလိုချင်ချင် လက်ခံပါလိမ့်မယ်။