The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီပါဝင်ယှဉ်ပြိုင်ဖို့ မသေချာသေးကြောင်း စကာလိုနီပြော

အာဂျင်တီးနားလက်ရွေးစင်နည်းပြ လီယွန်နယ်စကာလိုနီက အသင်းရဲ့စူပါစတား တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မသေချာသေးကြောင်း ပြောကြားလာခဲ့ပါတယ်။

မကြာသေးမီက မက်ဆီကိုယ်တိုင်ကလည်း သူဟာ ကြံ့ခိုင်မှုအခြေအနေပေါ်မူတည်ပြီး ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့၊ မပါဝင်ဖို့ကို ဆုံးဖြတ်သွားမယ်လို့ မရေမရာပြောကြားထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ဘောလုံးပရိသတ်တွေကတော့ အင်တာမီယာမီစူပါစတားကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးအနေနဲ့ မြင်တွေ့လိုနေကြတာဖြစ်ပါတယ်။

ယခုအခါမှာ စကာလိုနီက "ကမ္ဘာ့ဖလားမှာ မက်ဆီပါဝင်ဖို့ ဘယ်လောက်ရာခိုင်နှုန်းရှိမလဲဆိုတာ ကျွန်တော်မပြောပြတတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်းမသိသေးလို့ပါ။ ဖြစ်နိုင်ချေတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိနေပြီးသားပါ။ ဘယ်သူတွေကိုရွေးချယ်သွားမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချသွားပါမယ်။ မက်ဆီနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ကမ္ဘာ့ဖလားအကြောင်း သူနဲ့မပြောရသေးပါဘူး။ အချိန်ယူပြီး သူ့ဘာသာဆုံးဖြတ်ချက်ချသွားပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဗင်နီဇွဲလားနဲ့ပွဲမှာ အာဂျင်တီးနားအတွက် ပါဝင်ကစားပေးခဲ့ပေမယ့် မနက်ဖြန် အီကွေဒေါနဲ့ပွဲစဉ်မှာတော့ လူစာရင်းကနေ နုတ်ထွက်ထားခဲ့ပါတယ်။ သို့သော်လည်း အာဂျင်တီးနားဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုကို ထိပ်ဆုံးကနေ ၁၀ မှတ်ဖြတ်ဦးဆောင်ထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။

ဆက်လက်ပြီး စကာလိုနီက "ကျွန်တော်ကတော့ ဘာတွေဖြစ်မလဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမယ့် အရမ်းအဝေးကြီး‌တော့ မစဉ်းစားပါဘူး။ လာမယ့်ပွဲစဉ်က အဓိကပါပဲ။ ပြီးရင်တော့ နောက်လခြေစမ်းပွဲစဉ်တွေအတွက် ပြင်ဆင်သွားပါမယ်။ ကျွန်တော်ဒီအသင်းကိုစရောက်တဲ့ ပထမဆုံးနေ့ရက်မှာကတည်းက အသင်းကို တည်ဆောက်လာခဲ့တာပါ။ ဆုဖလားအောင်မြင်မှုတွေက အသင်းအတွက် ပိုပြီးတော့ ကောင်းစေတာမှန်ပေမယ့် ဆုဖလားတွေမရခဲ့ရင်လည်း အရမ်းကောင်းတဲ့ လူစာရင်းကိုတည်ဆောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားကို မက်ဆီရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ၃-၀ နဲ့ဂိုးပြတ်နိုင်ထားခဲ့တဲ့ အာဂျင်တီးနားအနေနဲ့ လာမယ့် အီကွေဒေါနဲ့ပွဲစဉ်မှာတော့ မက်ဆီမပါဝင်ဘဲ နိုင်ပွဲရရှိအောင်ဆက်လက်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။