
အင်တာက စိတ်ဝင်စားနေချိန်မှာအနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားလာတဲ့ ယူနိုက်တက်စတား
အင်တာမီလန်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေချိန်မှာပဲ ယူနိုက်တက်စတား ဟွိုက်လန်းက သူ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အတ္တလန္တာကနေ ယူနိုက်တက်ထံပြောင်းလာပြီးကတည်းက ဟွိုက်လန်းတစ်ယောက် အထိုင်ကျဖို့ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ၉၆ ပွဲမှာ ၂၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါအခြေအနေကြောင့် ဟွိုက်လန်းအနေနဲ့ အခုနွေမှာရောင်းချခံရနိုင်တာဖြစ်ပြီး အင်တာက အနီးကပ်စောင့်ကြည့်နေပါတယ်။
စီးရီးအေ နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေလွဲချော်ခဲ့ပြီးနောက် အင်တာမီလန်ဟာ အခုနွေရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပြီး ဟွိုက်လန်းကို ခေါ်ယူချင်နေပါတယ်။ လက်ရှိမှာ ဟွိုက်လန်းတစ်ယောက် ဒိန်းမတ်အသင်းအတွက် သွားရောက်ကစားပေးနေပါတယ်။ TV2Sport နဲ့အင်တာဗျူးမှာ ဟွိုက်လန်းက “ကျွန်တော့်မှာစာချုပ်သက်တမ်းက ၂၀၃၀ အထိရှိနေပါတယ်။ ယူနိုက်တက်အတွက် ဆက်ကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
ကျွန်တော်နွေရာသီအားလပ်ရက်သွားဦးမှာပါ။ အဲ့နောက် ကျွန်တော့်အနာဂတ်အတွက် ဆုံးဖြတ်မှာပါ။ သတင်းတွေအများကြီးမဖတ်ပေမယ့် ကျွန်တော်သိပါတယ်။ ဒါပေမယ့် ယူနိုက်တက် နဲ့ ၂၀၃၀ အထိ စာချုပ်သက်တမ်းရှိနေပါတယ်။ ကျွန်တော်ဒီမှာဆက်ကစားရဖို့မျှော်လင့်ပါတယ်။ နွေရာသီအားလပ်ရက်အတွက်လည်း ပြင်ဆင်ပြီးပါပြီ။ ရာသီကြိုခရီးစဉ်ကောင်းတစ်ခုလည်းဖြစ်ဖို့ မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဒိန်းမတ်သားကိုယ်တိုင်က ယူနိုက်တက်မှာဆက်ရှိနေစေချင်ပေမယ့် ယူနိုက်တက်ဘက်က ရောင်းချဖို့ ပြင်ဆင်နေသလို တစ်ဖက်မှာလည်း တိုက်စစ်မှူးခေါ်ယူဖို့ ခက်ခဲနေပါတယ်။ တကယ်လို့ တိုက်စစ်မှူးသစ်မခေါ်ယူနိုင်ခဲ့ရင်တော့ ဟွိုက်လန်းတစ်ယောက် ယူနိုက်တက်မှာဆက်ရှိဖို့များနေပါတယ်။