
အီဆက်ခ်ရဲ့သတင်းတွေကြားမှာပဲ အခြားတိုက်စစ်မှူးတစ်ဦးနဲ့ တွဲဖက်ကစားနိုင်စွမ်းရှိတယ်လို့ ဖွင့်ဟလာတဲ့ အီကီတီကီ
အီဆက်ခ်ကိုခေါ်ယူနိုင်ရေးအတွက် စံချိန်တင်လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ လီဗာပူးတို့ကြံရွယ်နေချိန် အီကီတီကီက အခြားတိုက်စစ်မှူးတစ်ဦးနဲ့အတူ မာဆေးဆိုဒ်မှာ တွဲဖက်ကစားရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက အခုရက်ပိုင်းအတွင်း ဖရန့်ဖတ်ရဲ့ ပြင်သစ်တိုက်စစ်မှူးအီကီ တီကီကို ပြောင်းရွှေ့ကြေးပေါင် ၇၉ သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း ဆွီဒင်ကြယ်ပွင့်အီဆက်ခ်က အသင်းပြောင်းရွှေ့ခွင့်ပြုရန် နယူးကာဆယ်ဆီ တောင်းဆိုခဲ့ပါတယ်။ သူက အီကီတီကီကိုမခေါ်ယူခင်အချိန်အထိ အန်ဖီးလ်ရေဒါစက်ဝန်းထဲမှာ ရှိနေခဲ့ပြီး ဒီနေရာမှာလည်း စိန့်ဂျိမ်းစ်ပတ်ခ်ဆီ ဝင်ရောက်စီးနင်းမှုနဲ့အတူ ကစားသမားအတွက် ငွေလုံးငွေရင်းကြီးကြီးမားမားသုံးစွဲသွားဖို့ အနီရောင်တပ်ဖွဲ့ဆီမှာ ဆန္ဒရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အီဆက်ခ်ကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် အခုနွေရာသီ၊ ဂျာမန်ကစားသမားဖလော်ရီယန်ဝစ်ဇ်အတွက် လီဗာပူးအသင်းသုံးစွဲခဲ့တဲ့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၁၆ သန်းထက် ပိုမိုများပြားမယ့် ငွေကြေးပမာဏတစ်ရပ်ကို သုံးစွဲရနိုင်ပါတယ်။ အီကီတီကီကတော့ မာဆေးဆိုဒ်ဆီ နောက်ထပ်တိုက်စစ်မှူးသစ်တစ်ဦး ရောက်ရှိလာမယ်ဆိုရင်လည်း ကြိုဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် သူ့ရဲ့အကောင်းဆုံးနေရာအကြောင်း မေးမြန်းရာမှာ အီကီတီကီက “နည်းပြတောင်းဆိုတဲ့အတိုင်း ကျွန်တော်ကစားသွားမယ်လို့ပဲ ပြောချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘာမဆိုလုပ်ကြည့်ချင်ပါတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တိုက်စစ်မှူးတစ်ဦးအဖြစ် အဓိပ္ပါယ်မဖွင့်ဆိုပါဘူး။ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပွဲထဲမှာပါဝင်ကစားရတာ၊ ဖန်တီးမှုတွေ ပြုလုပ်ပေးရတာကို ကျွန်တော် ကြိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်က တိုက်စစ်မှာ တစ်ဦးတည်းကစားရတာဖြစ်ဖြစ်၊ အခြားတိုက်စစ်မှူးတစ်ဦးနဲ့တွဲဖက်ကစားရတာပဲဖြစ်ဖြစ် နှစ်မျိုးလုံးကို ကစားနိုင်သလို ဘယ်လိုပုံစံပဲဖြစ်နေပါစေ၊ ကျွန်တော့်စိတ်ကြိုက်ပါပဲ။ ဒါကပဲ ကျွန်တော့်ကို စွယ်စုံရကစားသမားဖြစ်လာအောင် ပြုလုပ်ပေးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ အထိုင်ကျသွားဖို့ လိုအပ်တယ်ဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်”လို့ ပြောပါတယ်။
အန်ဖီးလ်ကစားသမားဘဝအဖွင့်ဘောလုံးရာသီမှာ သွင်းယူတွေ ဘယ်လောက်အထိရရှိဖို့ ရည်မှန်းထားသလဲဆိုတဲ့ မေခွန်းကို အသက်-၂၃ နှစ်အရွယ်ကစားသမားက “ အမှန်ပါပဲ၊ အန်ဖီးလ်က ရူးလောက်စရာပါ။ အဲ့ဒီမှာကစားခွင့်ရရှိဖို့ ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဒီနေရာမှာ ဂိုးသွင်းယူဖို့အကြောင်းတော့ ကျွန်တော် မစဉ်းစားနိုင်သေးပါဘူး။ အရင်ဆုံး ပွဲကစားခွင့်ရရှိဖို့ တွေးထားရမယ်လို့ ထင်ပါတယ်။ တီဗွီမှာလည်း ကျွန်တော် ကြည့်ဖူးပါတယ်။ ရူးသွပ်ချင်စရာဘောလုံးကွင်းကြီးနဲ့ ပရိသတ်တွေပါပဲ။ ဒါကြောင့် အံ့အားသင့်စရာတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
လတ်တလောမှာ လီဗာပူးအသင်းက အာရှရာသီကြိုခရီးစဉ် ထွက်ခွာလာပြီး ခြေစမ်းပွဲနှစ်ပွဲကစားဖို့ စီစဉ်ထားပါတယ်။ အီကီတီကီကိုယ်တိုင်ကတော့ သြဂုတ် ၄ ရက်၊ ဘီလ်ဘာအိုနဲ့ရင်ဆိုင်ရမယ့် အိမ်ကွင်းခြေစမ်းပွဲမှသာ အန်းစလော့အသင်းအတွက် ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။