
စတာရစ်ချ်စံချိန်လိုက်မီပြီးနောက် လီဗာပူးမှာ အလျှင်အမြန်အသားကျသွားမှုကို ရင်ဖွင့်လာတဲ့ အီကီတီကီ
အန်ဖီးလ်မှာ စတာရစ်ချ်ရဲ့ ၁၂ နှစ်ကြာစံချိန်ကို လိုက်မီပြီးနောက် ဟူဂိုအီကီတီကီက လီဗာပူးပတ်ဝန်းကျင်သစ်မှာ အလျှင်အမြန်အသားကျလာပုံအကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
အခုနွေရာသီ၊ ဖရန့်ဖတ်မှ ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာပြီး ပုံစံကောင်းပြသနေတဲ့ အီကီတီကီက အန်းစလော့လက်အောက် ပုံမှန်ပွဲထွက်ခွင့်ရရှိကာ သုံးဂိုးအထိ သွင်းယူထားနိုင်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်၊ ဘုန်းမောက်၊ နယူးကာဆယ်တို့နဲ့ ရင်ဆိုင်ရတဲ့ သူ့ရဲ့လီဗာပူးကစားသမားဘ၀ ကနဦးသုံးပွဲမှာတင် ပွဲတိုင်းဂိုးသွင်းယူနိုင်ခဲ့တဲ့ အီကီတီကီက ၂၀၁၃ ခုနှစ်၊ ကလပ်အသင်းဟီးရိုး စတာရစ်ချ်နောက်ပိုင်း ဒီလိုစံချိန်မျိုးရရှိတဲ့ ပထမဆုံးကြိုးကြာနီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း သွင်းဂိုးမရရှိပေမယ့် ပြင်သစ်သားက သူ့အသင်းအောင်ပွဲအတွက် အပေါင်းလက္ခဏာဆောင်တဲ့အကျိုးသက်ရောက်မှုတစ်ခု ပြသခဲ့ပါတယ်။ အခုလို အင်္ဂလန်မြေမှာပြသနေတဲ့ ပုံစံကောင်းတွေကြောင့် စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အတွင်း အီကီတီကီဆီ နိုင်ငံ့လက်ရွေးစင်အသင်းရဲ့ခေါ်ယူမှု ရောက်ရှိလာခဲ့ပါတယ်။ ပြင်သစ်သားကတော့ နယ်မြေသစ်မှာ အသားကျသွားစေဖို့ ကူညီပေးခဲ့တဲ့ အသင်းဖော်တွေနဲ့ နည်းပြတို့ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
တိုက်စစ်မှူးက “ ကျွန်တော်တော့ ကောင်းကောင်းအသားကျသွားပြီလို့ ထင်ပါတယ်။ ကျွန်တော့်အတွက် တိုးတက်စရာကိစ္စတွေ ကျန်နေသေးပေမယ့် ကောင်းမွန်တဲ့စတင်မှုတစ်ခုဖြစ်ခဲ့ပြီလို့ ထင်ပါတယ်။ ဘော်ဒါတွေနဲ့လည်း ကောင်းကောင်းအဆင်ပြေပါတယ်။ သူတို့တွေက ကျွန်တော့်ကို ဒီအသင်းမှာအသားကျသွားအောင် ကူညီပေးခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးကို လွယ်လွယ်ကူကူနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီလိုကစားသမားကောင်းတွေနဲ့တွဲဖက်ရချိန်မှာ ကိုယ့်ကိုတိုးတက်စေသလို အခုလိုမျိုးအောင်မြင်မှုတွေလည်း ရရှိနိုင်ပါတယ်။ အရေးအကြီးဆုံးအရာကတော့ စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုရှိနေစေဖို့ပဲ ဖြစ်ပါတယ်။
စတာရစ်ချ်နဲ့နှိုင်းယှဉ်ခံရတာ ကောင်းပါတယ်။ သူက လီဗာပူးအတွက် အရမ်းကြီးကျယ်ခမ်းနားတဲ့ကစားသမား ဖြစ်တယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ကောင်းပါတယ်။ သူ့ထက်ပိုကောင်းအောင်လုပ်သွားဖို့လည်း ဆန္ဒရှိပါတယ်”လို့ လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ပြောကြားပါတယ်။
အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အန်းစလော့ရဲ့အသင်းက ဒီညမှာ ဘန်လေနဲ့အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲရပါလိမ့်မယ်။