
မန်စီးတီးမှာ ရိုဒရီရဲ့ခြေရာနင်းနိုင်ဖို့ ရည်မှန်းထားတဲ့ ရာယန်ချာကီ
မန်စီးတီးကစားသမားသစ် ရာယန်ချာကီက ကလပ်အသင်းသစ်နဲ့အတူ အောင်မြင်မှုတွေ ရယူပြီး ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားက ကလပ်အသင်းသစ်မှာ ဘော်လွန်းဒီအော်ဆု ကိုင်မြှောက်နိုင်ဖို့အပြင် ၂၀၂၄ ဘော်လွန်းဒီအော်ဆုရှင် ရိုဒရီရဲ့ခြေရာနဲ့ တစ်ထပ်တည်းကျအောင် လုပ်ဆောင်သွားချင်တဲ့ သူ့ရဲ့ဆန္ဒကို မျှဝေလာခဲ့ပါတယ်။
အမေရိကန်မြေမှာ အသင်းဖော်သစ်တွေနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တစ်ခု လုပ်ဆောင်ပြီးနောက် ချာကီက “ ရိုဒီရီလည်း ဒီကလပ်အသင်းမှာပဲ ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ခင်ဗျားတို့လည်း မြင်တွေ့ကြပါတယ်။ ဒါကြောင့် မန်စီးတီးနဲ့ဆိုရင် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာနိုင်ချေရှိတယ်ဆိုတာ ရှင်းလင်းလွန်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအတွက်ကြောင့်ပဲ ဒီနေရာမှာ ရောက်ရှိနေတာပါ။ ကျွန်တော်က အနိုင်ရရှိလိုစိတ်ရှိပြီး မန်စီးတီးကိုယ်တိုင်လည်း အနိုင်ရရှိလိုစိတ်ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက အကောင်းဆုံးပါပဲ”လို့ ပြောပါတယ်။
ရိုဒီရီက ဘော်လွန်းဒီအော်ဆုကို ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒုတိယမြောက်ရယူနိုင်တဲ့ ကွင်းလယ်ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီးစီးယက်စ်ကို ကျော်ဖြတ်ကာ ၂၀၁၈ ခုနှစ်၊ လူကာမိုဒရစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဘော်လွန်းဒီအော်ဆုကိုင်မြှောက်နိုင်တဲ့ ကွင်းလယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ကွင်းလယ်တိုက်စစ်ကစားသမားချာကီကိုယ်တိုင်လည်း သူ့ရဲ့အသင်းဖော်သစ်တွေနဲ့အတူ အလားအလာကောင်းတွေကို ဖြည့်ဆည်းသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ သူက အခုဘောလုံးရာသီမှာ လိုင်ယွန်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၄ ပွဲအထိ ပါဝင်ကစားပြီး ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၀ ကြိမ်ပြုလုပ်ရင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ပါတယ်။
အသက်-၂၁ နှစ်အရွယ်ကစားသမားကိုယ်တိုင်လည်း လာမယ့်ဗုဒ္ဓဟူးနေ့၊ မန်စီးတီးကစားသမားဘဝပွဲဦးထွက်ကို ပါဝင်ကစားချိန် အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ မန်စီးတီးက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၈ ရက်မှာ မော်ရိုကိုကလပ် ဝိုင်ဒက်စ်ကာဆာဘလန်ကာနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။