
ယူနိုက်တက်မှာကစားဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ကွန်ညာ
ယခုနွေရာသီအစောပိုင်းမှာ ဝုဗ်နဲ့လမ်းခွဲပြီး အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာက မန်ချက်စတာယူနိုက်တက်မှာကစားဖို့က သူ့ရဲ့ကစားသမားဘဝအိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်ဟာ ယူနိုက်တက်နဲ့ ၂၀၃၀၊ ဇွန်လအထိ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့ပြီး စာချုပ်ပါသဘောတူညီချက်အရ အပိုတစ်နှစ်သက်တမ်းတိုးခွင့်လည်းရှိနေတယ်လို့သိရပါတယ်။ ယူနိုက်တက်ဟာ ကွန်ညာကိုခေါ်ယူဖို့ ဝုဗ်နဲ့သဘောတူညီမှုရရှိခဲ့ကြောင်း ဇွန်လ အစောပိုင်းကတည်းက ကြေညာခဲ့ပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေးကတော့ ပေါင် ၆၂.၅ ပေးချေသွားရမှာဖြစ်ပါတယ်။
ယခုအခါမှာ ကွန်ညာက "မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက်ဖြစ်လာလို့ ခံစားရတဲ့ပျော်ရွှင်မှုက ပြောမပြတတ်အောင်ပါပဲ။ ကျွန်တော်ကလေးဘဝ ဘရာဇီးမှာနေကတည်းက ပရီးမီးယားလိဂ်ပွဲတွေကြည့်ခဲ့ပြီး ယူနိုက်တက်က ကျွန်တော့်အကြိုက်ဆုံးအသင်းပါ။ ပြီးတော့ ဒီအသင်းရဲ့အင်္ကျီကိုဝတ်ဆင်ရဖို့ အိပ်မက်မက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာအောင်ကူညီပေးခဲ့တဲ့ ကျွန်တော့်ရဲ့မိသားစုနဲ့ အခြားလူတိုင်းကိုကျေးဇူးတင်ပါတယ်"
"ရာသီကြိုမှာ အသင်းဖော်တွေနဲ့တွေ့ဆုံပြီး ပွဲစဉ်တွေကစားသွားဖို့ မစောင့်နိုင်တော့ပါဘူး။ လောလောဆယ်မှာတော့ ကျွန်တော် အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ အာရုံစိုက်သွားပါမယ်။ ပြီးတော့ အလုပ်ကြိုးစားပြီး အသင်းကို သူနဲ့ထိုက်တန်တဲ့နေရာ ပြန်ရောက်အောင်ကူညီပေးသွားပါမယ်"လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ကွန်ညာဟာ ဝုဗ်အတွက် ပရီးမီးယားလိဂ် ၃၃ ပွဲကစားခဲ့ပြီး ၁၅ ဂိုးအထိသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ဝုဗ်ရဲ့ အခွင့်အရေးဖန်တီးမှုအများဆုံး ကစားသမားဖြစ်ခဲ့ပြီး တစ်ရာသီလုံးမှာ ဂိုးပေါက်ကန်သွင်းချက် အကြိမ် ၁၁၀ အထိပြုလုပ်ခဲ့ကာ ၄၄ ကြိမ်ဂိုးပေါက်တည့်ခဲ့ပါတယ်။
ဝုဗ်မှာနေထိုင်ခဲ့တဲ့ ၂ ရာသီအတွင်းမှာတော့ ဘရာဇီးသားဟာ ပြိုင်ပွဲစုံ ၉၂ ပွဲပါဝင်ကစားပြီး ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာရခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ကစားသမားသစ်တွေခေါ်ယူပြီး နောက်ရာသီမှာတော့ ဆုဖလားတွေကိုစိန်ခေါ်ဖို့ ကြိုးစားသွားရပါမယ်။