The network connection is lost.

Banner Image

ဒဏ်ရာပြဿနာတွေကြောင့် တန်ဟက်ကို စိတ်ပျက်စေခဲ့မိတယ်လို့ ဝန်ခံလာတဲ့ လုခ်ရှော

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောက သူဟာ ဒဏ်ရာပြဿနာတွေမကြာခဏကြုံတွေ့ပြီး ပွဲထွက်ကစားဖို့ ရုန်းကန်ခဲ့ရတာကြောင့် အသင်းနည်းပြဟောင်း အဲရစ်တန်ဟက်ကို စိတ်ပျက်စေခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ရှောဟာ ကစားသမားဘဝတစ်လျှောက်လုံး ဒဏ်ရာပြဿနာမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ယူနိုက်တက်မှာ ၁၀ နှစ်ကျော်နေထိုင်ခဲ့ပေမယ့် အချိန်အများစုကို ကွင်းပြင်ပမှာပဲ ကုန်ဆုံးခဲ့ရပါတယ်။ ရှောဟာ အင်္ဂလန်နိုင်ငံရဲ့အလားအလာအရှိဆုံးနောက်ခံလူအဖြစ် တစ်ချိန်က သတ်မှတ်ခံခဲ့ရပေမယ့် ဒဏ်ရာပြဿနာနှိပ်စက်မှုကြောင့် လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၃၄ ပွဲသာပါဝင်ကစားခဲ့ရပါတယ်။ 

ကစားသမားဟာ ၂၀၂၄ ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်အတွက်ပါဝင်ကစားခွင့်ရပြီးနောက်ပိုင်း အခုချိန်အထိ နောက်ထပ်ကစားခွင့်မရခဲ့ပါဘူး။ ဒါ့အပြင် တန်ဟက်လက်အောက်မှာ နောက်ဆုံးကစားခဲ့တဲ့အချိန်ကလည်း ၂၀၂၄ ဖေဖော်ဝါရီလက လူတန်တောင်းနဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာကတည်းက ရှောဟာ တန်ဟက်ထွက်ခွာသွားခဲ့တဲ့အချိန်အထိ ကစားခွင့်မရခဲ့ဘဲ နည်းပြသစ် ရူဘင်အာမိုရင်ရောက်ရှိလာမှသာ ကွင်းထဲသို့ ပြန်လည်ခြေချခွင့်ရခဲ့ပြီး ပေါ်တူဂီသားလက်အောက်မှာ စုစုပေါင်း ၁၂ ပွဲ ပါဝင်ကစားခွင့်ရထားပါတယ်။ 

ယခုအခါမှာတော့ အင်္ဂလန်သားက "ကျွန်တော့်အနေနဲ့ တန်ဟက်ကိုစိတ်ပျက်စေခဲ့မိတယ်လို့ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ဒဏ်ရာပြဿနာတွေကြောင့် သူ့အတွက်မကစားပေးနိုင်ခဲ့ဘဲ အဆုံးအထိ သူ့နားမှာမရှိနိုင်ခဲ့ပါဘူး။ ဒါကဆိုးပါတယ်။ ပြီးတော့ နည်းပြသစ်ရောက်လာချိန်မှာ ကျွန်တော်ပြန်ကစားခွင့်ရခဲ့ပေမယ့် ဒဏ်ရာထပ်ရခဲ့ပြန်ပါတယ်"

"ရာသီတွေတော်တော်များများမှာ ကျွန်တော်ဟာ လူတွေကို စိတ်ပျက်စေခဲ့မိတယ်လို့ခံစားရပါတယ်။ ကလပ်အတွင်းကလူတွေနဲ့ ပရိသတ်တွေရောပေါ့။ ဒီလိုစိတ်ပျက်စရာတွေကြုံတွေ့ခဲ့ရတဲ့အပေါ် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ်။ အသင်းနဲ့ မန်နေဂျာတွေက ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့ကြပါတယ်။ အထူးသဖြင့်တန်ဟက်က ကျွန်တော့်ဘက်ကနေအမြဲတမ်းရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက် ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရှောအပါအဝင် ယူနိုက်တက်ကြယ်ပွင့်ကစားသမားတွေအနေနဲ့ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေကြောင်းသက်သေပြဖို့ အနိုင်ရလဒ်ကိုပုံဖော်သွားရပါမယ်။