The network connection is lost.

Banner Image

မန်စီးတီးရဲ့ဒုတိယမြောက်ရှုံးပွဲအပြီး မက်ဆီမဟုတ်ဘူးလို့ ပြောဆိုကာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခဲ့တဲ့ ရိုဒရီ

မန်စီးတီးရဲ့ပွဲထွက်လူစာရင်းမှာ ရိုဒရီပြန်လည်ပါဝင်လာမှုက ရုန်းကန်နေရတဲ့ကလပ်အသင်းအတွက် မှန်ကန်တဲ့လမ်းကြောင်းဆီ ပြန်ရောက်ရှိဖို့ အစပျိုးမှုတစ်ခုအဖြစ် ယူဆခဲ့ပေမယ့် တနင်္ဂနွေနေ့၊ ဘရိုက်တန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာတော့ မိုးပြာရောင်တပ်သားတွေအတွက် ကွဲပြားခြားနားမှုတွေ မဖြစ်လာပေါ်ခဲ့ပါဘူး။ စပိန်ကွင်းလယ်ကစားသမားကိုယ်တိုင်လည်း သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ကာကွယ်ခဲ့ပါတယ်။

American Express Stadium အတွင်း ဘရိုက်တန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ရိုဒရီက “ ကျွန်တော်က မက်ဆီ မဟုတ်ပါဘူး။ ကျွန်တော်က အသင်းကို နိုင်ပွဲတွေ ဆက်တိုက်ရရှိအောင် လုပ်ပေးနိုင်စရာအကြောင်း မရှိပါဘူး။ ဒါက စုပေါင်းကစားနည်းတစ်ခု ဖြစ်ပါတယ်။ အတိတ်မှာ ကျွန်တော်တို့အသင်း အောင်ပွဲတွေ ရရှိခဲ့ချိန်မှာလည်း ကျွန်တော့်အတွက် ကျွန်တော့်ရဲ့အသင်းဖော်အားလုံးကို လိုအပ်ခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း အမြန်ဆုံးပြန်သက်သာလာပြီး အကောင်းဆုံးပုံစံရှာဖွေဖို့ လိုအပ်တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်ပြန်လာလို့ ကျွန်တော်တို့အသင်း အနိုင်ရရှိသွားမှာ မဟုတ်ပါဘူး။ ဒါက စုပေါင်းကစားနည်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာသီတင်းပတ်အပြီးမှာ ဒီထက်ပိုကောင်းတဲ့ပုံစံမျိုးနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ဘရိုက်တန်ကိုရှုံးနိမ့်မှုကြောင့် လွန်ခဲ့တဲ့သီတင်းပတ်၊ အိမ်ကွင်းမှာ တော့တင်ဟမ်ကို နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ မန်စီးတီးအတွက် နှစ်ပွဲဆက်ရှုံးနိမ့်မှု ဖြစ်လာခဲ့ပါတယ်။ ဒါက လေးနှစ်ဆက်ချန်ပီယံဆုကိုင်မြှောက်နိုင်ပြီးနောက် ယမန်နှစ်ဘောလုံးရာသီ၊ လီဗာပူးအသင်းဆီ ချန်ပီယံဆုလွှဲပြောင်းပေးခဲ့ရတဲ့ အခိုက်အတန့်တွေမှာ ပြသခဲ့တဲ့ မန်စီးတီးအသင်းရဲ့အားနည်းချက်တွေကို သက်သေထင်ရှားတွေ့မြင်နိုင်စေပါတယ်။

မန်စီးတီးအတွက် ယမန်နှစ်ဘောလုံးရာသီ၊ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်၊ ပရီးမီးယားလိဂ်မှာ ပြန်လည်ပွဲထွက်ပါဝင်ခဲ့တဲ့ ရိုဒရီက “ ဒါ လက်တွေ့အရှိတရားပါ။ကျွန်တော်တို့တွေ အတိတ်မှာရှိခဲ့ဖူးတဲ့ အဆင့်အတန်းမျိုးဆီ ပြန်မရောက်လာသေးပါဘူး”လို့ ပြောပါတယ်။

အခုဘောလုံးရာသီအဖွင့်ပွဲစဉ်မှာ ဝုဗ်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် မန်စီးတီးပြန်လာပြီလို့ အများက ထင်မှတ်ခဲ့ကြပေမယ့် လတ်တလောမှာတော့ ပက်ဂွါဒီယိုလာရဲ့အသင်းက ရမှတ်အားဖြင့် မန်ချက်စတာယူနိုက်တက်ထက်တောင် နည်းပါးနေပါတယ်။