
နှစ်ပေါင်း ၅၀ မှာ တစ်ကြိမ်သာပေါ်ပေါက်လာနိုင်တဲ့ ကစားသမားမျိုးလို့ ယာမယ်လ်ကို ချီးကျူးလိုက်တဲ့ အင်ဇာဂီ
ဒီနေ့မနက်ပိုင်း၊ စိတ်လှုပ်ရှားဖွယ် တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပ-ကျော့ပွဲစဉ်အပြီး အင်တာမီလန်နည်းပြဆီမြွန်နီအင်ဇာဂီက ဘာစီလိုနာရဲ့ဆယ်ကျော်သက်တောင်ပံကစားသမားယာမယ်လ်ကို အားပါးတရချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ကြောက်လန့်စရာအင်တာမီလန်အသင်းခံစစ်ကို ကျော်ဖြတ်ရင်း နှစ်ဂိုးပြတ်ရှုံးနိမ့်မှုမှပြန်လာနိုင်တဲ့ပွဲစဉ်ကို ဘာစီလိုနာကစားသမားဘဝရာပြည့်ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တဲ့ အသက်-၁၇ နှစ်အရွယ်ယာမယ်လ်က အံ့အားသင့်ဖွယ်တစ်ကိုယ်တော်စွမ်းရည်ဖြင့် သွင်းဂိုးတစ်ဂိုးရယူခဲ့ပါတယ်။
အင်ဇာဂီက “ ယာမယ်လ်က နှစ် ၅၀ အတွင်း တစ်ကြိမ်သာ ရှင်းရှင်းလင်းလင်းပေါ်ပေါက်လာနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ သူလုပ်ပြသွားတဲ့ အရည်အသွေးပိုင်းတွေကို ကျွန်တော် ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ ဒီညမှသာ ကျွန်တော် သူ့ကို ပထမဆုံးအကြိမ်တွေ့ဖူးတာပါ။ သူက ကျွန်တော်တို့အတွက် ပြဿနာတွေ ဖန်တီးပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေ သူ့ကို နှစ်ဆတိုးထိန်းချုပ်ခဲ့ရလို့ ကွင်းတွင်းနေရာတိုင်းမှာ ကျွန်တော်တို့ရဲ့ကစားသမားတွေ လစ်လှပ်သွားခဲ့ပါတယ်။
ဒုတိယပိုင်းပွဲချိန်တွေမှာ ယာမယ်လ်ကို ပိုပြီးကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ကိစ္စအချို့ကို ပြန်ပြီးထိန်းညှိသွားရပါတယ်။ ဒါက ထင်သလောက်တော့ မရိုးရှင်းပါဘူး။ ကျွန်တော်တို့အသင်းစွမ်းဆောင်ရည်ပိုင်းကလည်း ဂုဏ်ယူရမယ့်အချက်တစ်ခု ဖြစ်ပါတယ်။ ယာမယ်လ်ကတော့ နှစ် ၅၀ အတွင်း တစ်ကြိမ်သာပေါ်ပေါက်လာနိုင်တဲ့ ကစားသမားမျိုးပါ”လို့ ပြောပါတယ်။
ဆက်လက်ပြီး အင်ဇာဂီက ပထမပိုင်းပွဲချိန်အပြီး ဒဏ်ရာပြဿနာကြောင့် လူစားလဲလှယ်ခဲ့ရတဲ့ အသင်းခေါင်းဆောင်လော်တာရိုမာတီနက်ဇ်အနေဖြင့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မလားဆိုတာ သံသယအချို့နဲ့စောင့်ကြည့်နေရတယ်လို့ ပြောခဲ့ပါတယ်။ တဖက်မှာလည်း ဘောလုံးလောကရဲ့သက်ရှိဂန္တဝင်မက်ဆီနဲ့နှိုင်းယှဉ်မှုတွေကို ငြင်းဆန်ပယ်ချထားတဲ့ ယာမယ်လ်ကို ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အင်ဇာဂီရဲ့စကားလုံးတွေကိုပဲ ထပ်တူပြုပြီး ဟန်စီဖလစ်ခ်က “ ဘာစီလိုနာအတွက် နှစ်ပေါင်း ၅၀ ကြာမြင့်ချိန်တိုင်း ပေါ်ထွက်လာလေ့ရှိတဲ့ အခုလိုအရည်အသွေးမျိုးရှိသူအတွက် ကျွန်တော် အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ဂျာမန်လူမျိုးနည်းပြက သူ့အသင်းပြန်လာနိုင်ရေးအတွက် ယာမယ်လ် လှုံ့ဆော်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ပထမပိုင်းပွဲချိန်အတွင်း ယာမယ်လ်က ကျွန်တော်တို့အသင်းအတွက် အလွန်အရေးပါခဲ့ပါတယ်။ သူက အပေါင်းလက္ခဏာဆောင်တဲ့အရာများစွာကို ဖန်တီးခဲ့ပြီး ဗွေဆော်ဦးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ပွဲကြီးပွဲကောင်းတွေမှာသာ ဒီလိုကစားသမားမျိုးရဲ့အရည်အသွေးကို မြင်တွေ့ရနိုင်ပါတယ်။ ယာမယ်လ်ကလည်း ဒီနေ့မှာ လုပ်ပြသွားခဲ့ပါတယ်။ သူရှိနေတာ အသင်းအတွက် အရမ်းကောင်းပါတယ်။ သူက စပါယ်ရှယ်ပါရမီရှင်တစ်ဦး ဖြစ်ပါတယ်။ အချက်အလက်တွေအားလုံးနဲ့ သူလုပ်ပြခဲ့တဲ့ မယုံကြည်နိုင်ဖွယ်အရာတွေကို ခင်ဗျားတို့လည်း မြင်တွေ့ကြပါလိမ့်မယ်”လို့ ပြောပါတယ်။