
အီရန်တွင် ပိတ်မိနေတာကြောင့် အင်တာမီလန်ရဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေကို လွဲချော်မယ့် တာရီမီ
အင်တာမီလန်တိုက်စစ်မှူး မက်ဒီတာရီမီဟာ အီရန်နဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်နေတာကြောင့် တီဟီရန်မြို့မှာ ပိတ်မိနေပြီး အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ နှစ်နိုင်ငံအကြား မကြာသေးမီက စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အီရန်လေဆိပ်တွေကနေ ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းထားတာကြောင့် တာရီမီဟာ စနေနေ့က လော့စ်အိန်ဂျလိစ်မြို့ကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို လွဲချော်ခဲ့ရပါတယ်။
အသက် ၃၂ နှစ်အရွယ် တာရီမီဟာ အင်္ဂါနေ့က တီဟီရန်မြို့မှာ မြောက်ကိုရီးယားကို အနိုင်ရခဲ့တဲ့ အီရန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် စီစဉ်ထားတဲ့အတိုင်း ထွက်ခွာနိုင်ခဲ့ခြင်းမရှိပါဘူး။ တာရီမီ မပါဝင်နိုင်မှုဟာ အင်္ဂါနေ့မှာ မက္ကဆီကိုကလပ် မွန်တာရေး နဲ့ ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ရမယ့် အင်တာမီလန်အတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။
အီရန်လေပိုင်နက် ပြန်လည်ဖွင့်လှစ်သည်ဖြစ်စေ၊ မဖွင့်လှစ်သည်ဖြစ်စေ တာရီမီဟာ လုံခြုံရေးအခြေအနေကြောင့် ပြိုင်ပွဲတစ်လျှောက်လုံး အင်တာမီလန်ရဲ့ ပွဲစဉ်အားလုံးကို လွဲချော်ရမှာဖြစ်တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြကြပါတယ်။ တာရီမီ ထွက်ခွာနိုင်ရေးအတွက် အင်တာမီလန်က အီရန်ရှိ အီတလီသံရုံးကနေတစ်ဆင့် ကူညီပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် အန္တရာယ်ရှိတဲ့ ခရီးသွားအခြေအနေတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့နှစ်က ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အီရန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက တရားဝင်ပွဲ ၄၃ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့တန်ဖိုးကို သက်သေပြဖို့အတွက် ကလပ်ကမ္ဘာ့ဖလားကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချဖို့ ရည်ရွယ်ထားခဲ့တယ်လို့ သိရပါတယ်။