
အီဆက်ခ်က ပြီးပြည့်စုံတဲ့တိုက်စစ်မှူးဖြစ်တယ်လို့ ဗန်ဒိုက်ခ်ချီးကျူး
လီဗာပူးအသင်းခေါင်းဆောင် ဗာဂျယ်လ်ဗန်ဒိုက်ခ်က အသင်းရဲ့ကစားသမားသစ် အလက်ဇန်းဒါးအီဆက်ခ်ဟာ ပြီးပြည့်စုံတဲ့တိုက်စစ်မှူးဖြစ်ပြီး ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်မှာပဲ အီဆက်ခ်ရဲ့ အရည်အသွေးကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ဗန်ဒိုက်ခ်ဟာ ယခုနွေရာသီအတွင်း နယူးကာဆယ်မှ လီဗာပူးသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးအကြိမ် ဝင်ရောက်ကစားဖို့ ပြင်ဆင်နေပါတယ်။
အီဆက်ခ်နဲ့ပတ်သက်ပြီး ဗန်ဒိုက်ခ်က "အရမ်းအထင်ကြီးစရာကောင်းပါတယ်။ အသင်းရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာတင် သူ့ရဲ့အရည်အသွေးကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။ ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ အပြုသဘောဆောင်တဲ့ကစားသမားမျိုးပါ။ ကျွန်တော်တို့ စကားပြောဖြစ်ပါတယ်။ ကျွန်တော်သူနဲ့ နိုင်ငံတကာပွဲစဉ်တွေကာလမှာ အသင်းအကြောင်း ပြောဖြစ်ခဲ့ကြပါတယ်"
"သူကိုယ်တိုင်ကလည်း လီဗာပူးအတွက် တတ်နိုင်သလောက် အမြန်ဆုံးကစားပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ကြားမှာ နားလည်မှုလည်း တည်ဆောက်ထားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့လေ့ကျင့်မှုပုံစံတွေ၊ အလွတ်တည်ကန်ဘောတွေနဲ့ ပြိုင်ဘက်ကို ဘယ်လိုဖိအားပေးမယ်ဆိုတာတွေ သူနားလည်နေပါပြီ။ လာမယ့်ပွဲမှာ သူဘာတွေလုပ်နိုင်မလဲ မြင်ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဗန်ဒိုက်ခ်က အသင်းအတွက်ပွဲထွက်ထားတဲ့ ပထမဆုံး ၅ ပွဲမှာ ၃ ဂိုးအထိသွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးသစ် ဟူဂိုအက်ကီတီကီကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်က "အီဆက်ခ်က ပြီးပြည့်စုံတဲ့တိုက်စစ်မှူးဖြစ်ပြီး အဆုံးသတ်ပိုင်းမှာ အတော်လေးထူးချွန်ပါတယ်။ သူ့ရဲ့ခေါင်းတိုက်စွမ်းရည်၊ ဘယ်ခြေ၊ ညာခြေကန်ချက်တွေက အန္တရာယ်များပါတယ်"
"အီဆက်ခ်လိုပဲ အက်ကီတီကီလည်း အတူတူပါပဲ။ သူတို့မှာ ကွာခြားမှု သိပ်မရှိပါဘူး။ နှစ်ယောက်စလုံးက ဘောလုံးကို ပိုင်ပိုင်နိုင်နိုင်ကိုင်ကစားနိုင်ပြီး ချိတ်ဆက်မှုတွေမှာလည်း အားကောင်းပါတယ်။ ဒီနေ့ခေတ်ဘောလုံးလောကကို ကောင်းကောင်းနားလည်နေကြသူတွေပါ။ အသင်းအတွက် အများကြီးအကူအညီပေးနိုင်မယ့် ကစားသမားတွေပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။