The network connection is lost.

Banner Image

ဂျိုတာရဲ့နာရေးသတင်းကြောင့် စိတ်မကောင်းဖြစ်မိပုံအကြောင်း ဖွင့်ဟလာတဲ့ ဒါလော့

ဒါလော့က လီဗာပူးကြယ်ပွင့်ဂျိုတာကွယ်လွန်သွားမှုကို ဖော်ပြ၍မရတဲ့ကြေကွဲစရာဆုံးရှုံးမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်နဲ့အတူ ဂျိုတာရဲ့ဈာပနအခမ်းအနားဆီ တက်ရောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နောက်တန်းအစွန်ကစားသမားက နိုင်ငံ့လက်ရွေးစင်အသင်းဖော်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုနဲ့ အမှတ်တရဖြစ်ရပ်တွေအကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပြီး အန်ဖီးလ်ဂန္တဝင်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့လ၊ စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ဂျိုတာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီး ဘောလုံးကမ္ဘာတစ်ခုလုံး အံ့အားသင့်တုန်လှုပ်ခဲ့ပါတယ်။ အသက်-၂၇ နှစ်အရွယ်တိုက်စစ်မှူးနဲ့ သူ့ရဲ့ညီဖြစ်သူအန်ဒရေဆေးလ်ဗားတို့ကို ရုတ်တရက်ဆုံးရှုံးလိုက်ရခြင်းအတွက် ဝမ်းနည်းကြေကွဲသူတွေထဲမှာ ဒါလော့လည်း ပရိသတ်တွေ၊ ကစားသမားတွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်နောက်တန်းကစားသမားက သူ့ရဲ့စံပြပုဂ္ဂိုလ်ကို ချီးကျူးဂုဏ်ပြုလိုက်ပါပြီ။

သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ဒါလော့က “ ဒီအကြောင်းပြန်ပြောရတာ အတော်လေးခက်ခဲပါတယ်။ ဒါပေမဲ့ ဂျိုတာနဲ့အတူတွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်တိုင်းအတွက်၊ ကျွန်တော့်အတွက် ခက်ခဲတဲ့ရက်သတ္တပတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့မိသားစုဝင်တွေ ဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာ တွေးကြည့်လို့တောင် မရပါဘူး။ မိသားစုဝင်တွေနဲ့တွေ့ဆုံဖို့ အခွင့်အရေးရခဲ့ပြီး အတော်လေးဝမ်းနည်းစရာကောင်းပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ရချိန် ပြောစရာစကားလုံးတောင် မရှိတော့ပါဘူး။

ဒီဖြစ်ရပ်ကြီးက ကိုယ့်ကို အတော်လေးထိခိုက်စေပါတယ်။ ပုဂ္ဂိုလ်ရေးအရမသိကျွမ်းဘူးဆိုရင်တောင် ဂျိုတာအတွက် ကိုယ်ချင်းစာပေးလိမ့်မယ်လို့ ထင်ပါတယ်။ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုပါ။ ဘောလုံးကွင်းတွေဆီ ရောက်ရှိချိန်တိုင်း ဒါကို ကျွန်တော်တွေးမိပါတယ်။ ဒီနေ့တောင် ဂျိုတာရဲ့နာမည်နဲ့ဂျာစီအင်္ကျီကို မြင်တွေ့ခဲ့ရပါတယ်။ သူ့ကို ထာဝရအမှတ်ရနေပါလိမ့်မယ်။ အသင်းဖော်ကောင်းတစ်ဦးဖြစ်သလို အလွန်အရည်အချင်းရှိသူဖြစ်လို့ ဂျိုတာကို ထာဝရအမှတ်ရနေဖို့ ထိုက်တန်ပါတယ်။

ပွဲကစားချိန်မှာရော၊ ပွဲမကစားချိန်မှာပါ ကစားသမားတစ်ဦးရဲ့စံပြအပြုအမူမျိုး ဂျိုတာဆီမှာ မြင်တွေ့ရလို့ သူဟာ ကျွန်တော့်အတွက် စံပြပုဂ္ဂိုလ်တစ်ဦးလို့ ပြောရပါမယ်။ သူက အသင်းအတွက်ပဲ အမြဲတမ်းစဉ်းစားပေးလေ့ ရှိပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် အမြဲတမ်းအမှတ်တရရှိနေပါလိမ့်မယ်။ အခုအချိန်မှာ သူ့ကို အေးအေးချမ်းချမ်းအနားယူနေစေဖို့ပဲ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ဂျိုတာရဲ့နာရေးသတင်းကြောင့် ဘောလုံးကမ္ဘာတစ်ခုလုံး ဝမ်းနည်းကြေကွဲခဲ့ပြီး ပြိုင်ဘက်ကလပ်အသင်းပရိသတ်တွေကတောင် သူ့အတွက် ဂုဏ်ပြုပေးဖို့ စုဝေးခဲ့ကြပါတယ်။ ဒါကြောင့် ဒါလော့က ဂျိုတာရဲ့လွှမ်းမှုမှုဟာ ဘောလုံးလောကကိုတောင် ကျော်လွန်သွားခဲ့ပြီး ခင်မင်ရင်းနှီးမှုနဲ့ စရိုက်လက္ခကောင်းတွေကို အမွေအနှစ်အဖြစ် ချန်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒါလော့က “ ဂျိုတာက ဘယ်အသင်းအတွက်မဆို ကစားပေးနိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာအကြောင်းပြောနေချိန် သူကိုယ်စားပြုပေးရတဲ့ ဂျာစီအကြောင်း ကျွန်တော်မပြောချင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံ့လက်ရွေးစင်အသင်းမှာ သူနဲ့အတူ နှစ်အတော်ကြာ ကစားခဲ့ဖူးပါတယ်။ သူနဲ့အတူ အချိန်ကာလတစ်ခုကိုလည်း ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီရင်းနှီးမှုကိုအခြေပြုပြီး အမှတ်တရကောင်းအချို့ကို ဖန်တီးပေးချင်ပါတယ်။ ဒီအမှတ်တရကောင်းတွေကိုလည်း ဆက်ပြီးထိန်းသိမ်းသွားချင်ပါတယ်။ ဒါက သူ့ကို ကျွန်တော် ဘယ်လောက်အထိအမှတ်တရရှိနေသလဲဆိုတာကို ဖော်ပြပေးပါလိမ့်မယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ကလည်း လာမယ့်ဘောလုံးရာသီမှာ ဂျိုတာကိုဂုဏ်ပြုပေးမယ့်အစီအစဉ်တွေ ပြုလုပ်ပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါလော့အပြင် ဂျိုတာနဲ့ရင်းနှီးကျွမ်းဝင်သူတွေအတွက်တော့ မကြာသေးခင်ကပဲ ထွက်ခွာသွားသူနဲ့ပတ်သက်လို့ ဝမ်းနည်းပူဆွေးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါလိမ့်မယ်။