The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်မှာ ဟယ်ရီကိန်းနဲ့တွဲဖက်ကစားရမယ့်ကိစ္စအတွက် စိတ်လှုပ်ရှားနေတဲ့ နီကိုးလပ်စ်ဂျက်ဆန်

ဘိုင်ယန်မြူးနစ်ဆီ အငှားဖြင့်ပြောင်းရွှေ့လာပြီးနောက် ချဲလ်ဆီးတိုက်စစ်မှူးဟောင်း နီကိုးလပ်စ်ဂျက်ဆန်က ဟယ်ရီကိန်းနဲ့တွဲဖက်ကစားရမယ့်ကိစ္စအပေါ် ဘယ်လိုခံယူထားသလဲဆိုတာကို ပြောပြခဲ့ပါတယ်။ ဒီလပ်ဒဏ်ရာရရှိမှုကြောင့် အပြောင်းအရွှေ့ကို ခွင့်မပြုဖို့ ချဲလ်ဆီးအသင်း စီစဉ်ခဲ့ပေမယ့် ဂျက်ဆန်ကိုယ်တိုင်ကတော့ ဈေးကွက်နောက်ဆုံးရက်မှာ ဘာဗေးရီးယန်းကလပ်အသင်းဆီ အငှားဖြင့် ပြောင်းရွှေ့ဖို့ လိုလားခဲ့ပါတယ်။ အသက်-၂၄ နှစ်အရွယ်ကစားသမားရဲ့အပြောင်းအရွှေ့က ငှားရမ်းခပေါင် ၁၃ သန်းအပြင် ပေါင် ၆၅ သန်းတန် အပြီးသတ်ဝယ်ယူပိုင်ခွင့်လည်း ပါဝင်နေလို့ ချဲလ်ဆီးအတွက် ပေါင်သန်း ၇၀ နီးပါးဝင်ငွေရရှိနိုင်မယ့် အလားအလာ ရှိနေပါတယ်။ လတ်တလောမှာတော့ ဂျက်ဆန်က အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းမှာ တွဲဖက်ကစားရပါတော့မယ်။

အခုနွေရာသီကာလအတွင်း ဂျော်အိုပက်ဒရိုနဲ့ လီယန်ဒီလပ်ရောက်ရှိလာမှုက ဂျက်ဆန်အတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ အလားတူ နည်းပြမာရက်စ်ကာကိုယ်တိုင်ကလည်း ဗီလာရီးရဲလ်တိုက်စစ်မှူးဟောင်းကို အသင်းပြောင်းရွှေ့ဖို့ လိုလားခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးကစားသမားဘဝ၊ ဘောလုံးရာသီနှစ်ခုအတွင်း ဂိုး ၃၀ သွင်းယူပေးခဲ့တဲ့ ဂျက်ဆန်က မြူးနစ်မှာ ဟယ်ရီကိန်းနဲ့အတူ အစွမ်းထက်တိုက်စစ်လက်နက်ကို ဖော်ဆောင်သွားနိုင်ဖွယ် ရှိပါတယ်။

Tuttosport နဲ့တွေ့ဆုံချိန် ဂျက်ဆန်က “ အရေးအကြီးဆုံးအရာကတော့ ကျွန်တော်နဲ့ ဟယ်ရီကိန်းအတွက်သာ မဟုတ်ဘဲ အသင်းတစ်ခုလုံးအတွက်ပဲ ဖြစ်ပါတယ်။ အလွန်ဂုဏ်ယူဖို့ကောင်းတဲ့ကိစ္စပါ။ ဟယ်ရီကိန်းဆိုတာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးစာရင်းမှာပါဝင်သူ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ဆီမှ သင်ယူစရာရှိတာတွေ သင်ယူပြီး ကွင်းတွင်း ခိုင်မာအားကောင်းတဲ့အတွဲအဖက်တစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က ကွင်းတွင်းမှာ တစ်ဦးနဲ့တစ်ဦး အကောင်းဆုံးကူညီပေးနိုင်တဲ့ တိုက်စစ်မှူးနှစ်ဦး ဖြစ်ပါတယ်။ မျှော်လင့်ထားတဲ့ရလဒ်တွေ ရရှိလာအောင်လည်း အစွမ်းကုန်ကြိုးစားသွားပါမယ်။ အရည်အသွေးပြည့်ဝတဲ့တိုက်စစ်မှူးအပါအဝင် အခြားသူတွေနဲ့ တွဲဖက်ကစားရမယ့်ကိစ္စက ကျွန်တော်တိုးတက်လာအောင် သေချာပေါက်ကူညီပေးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဂျက်ဆန်က ဘိုင်ယန်မြူးနစ်ကစားသမားဘဝပွဲဦးထွက်ကို မကစားရသေးဘဲ အခုနိုင်ငံတကာသီတင်းပတ်အပြီး အလိုင်းယန့်ဇ်အရီနာမှာ ဟမ်းဘတ်ကို ဧည့်ခံကစားရချိန် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။