
ကာကက်ဇ်ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်အပေါ် ကာကွယ်ပြောဆိုပေးခဲ့တဲ့ ရော်ဘတ်ဆန်
ဘန်လေကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ စောစောစီးစီးလူစားလဲလှယ်ခံရတဲ့ လီဗာပူးဘယ်နောက်ခံလူသစ် ကာကက်ဇ်ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်အပေါ် အသင်းဖော်ရော်ဘတ်ဆန်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ ကြိုးကြာနီတွေရဲ့ပွဲထွက်လူစာရင်းမှာ စကော့တလန်သားရဲ့နေရာကို အသက်-၂၁ နှစ်အရွယ်ကစားသမားက အစားထိုးရယူသွားပေမဲ့ အတွေ့အကြုံရင့်ခံစစ်မှူးကတော့ ဟန်ဂေရီသားအပေါ် အဆုံးတိုင်ထောက်ခံပေးနေဆဲ ဖြစ်ပါတယ်။
လီဗာပူးက အခုနွေရာသီမှာ ဘုန်းမောက်ရဲ့ကာကက်ဇ်ကိုခေါ်ယူဖို့ ပေါင်သန်း ၄၀ အထိ သုံးစွဲခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နောက်ခံအစွန်လူက အခုအချိန်အထိ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုးပြသနိုင်ရန် ရုန်းကန်နေရပါတယ်။ ဘန်လေကိုအနိုင်ယူခဲ့တဲ့ ကြိုးကြာနီတွေနဲ့ပွဲစဉ်မှာလည်း ပထမပိုင်းပွဲချိန်အတွင်းမှာပင် အဝါကတ်ပြသခံထားရတဲ့ ကာကက်ဇ်ကို အသင်းဖော်ရော်ဘတ်ဆန်နဲ့ လူစားလဲလှယ်ခဲ့ပြီး စကော့တလန်လက်ရွေးစင်ကစားသမားရဲ့ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပါတယ်။ အခုရာသီ၊ ကာကက်ဇ်ရောက်ရှိလာခြင်းနဲ့အတူ အရန်ခုံတန်းဆီ ရောက်ရှိသွားခဲ့ပေမယ့် ရော်ဘတ်ဆန်ကတော့ လီဗာပူးလို အသင်းမျိုးဆီ ပြောင်းရွှေ့လာမှုဟာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပြီး ကာကက်ဇ်အတွက် စိတ်ရှည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။
ရော်ဘတ်ဆန်က “ ဒါဟာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါ။ ကျွန်တော်ဆိုရင်လည်း ဟူးလ်စီးတီးမှ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ကာကက်ဇ်ကတော့ ဘုန်းမောက်ပေါ့။ ဒီကလပ်အသင်းနှစ်ခုမှာရှိနေချိန်ထက် လီဗာပူးဂျာစီဝတ်ဆင်လိုက်ချိန်မှာ ကိုယ့်အပေါ်အာရုံစိုက်မှုတွေ အများကြီးမြင့်တက်လာပါတယ်။ ကာကက်ဇ်ကိုယ်တိုင်လည်း အကောင်းဆုံးပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဒီနေရာမှာ သတင်းအချက်အလက်တွေ ပိုမိုများပြားလာသလို ကစားပုံလည်း အများကြီးကွာခြားသွားပါတယ်။ သူကိုယ်တိုင်လည်း သူ့ရဲ့ယုံကြည်ချက်ကို ဆက်လက်ကိုင်စွဲရင်း ရှေ့ဆက်သွားနေဖို့ပဲ လိုအပ်ပါတယ်။ အနာဂတ်မှာ သူက လီဗာပူးအတွက် မယုံကြည်နိုင်လောက်စရာ ဘယ်အစွန်ခံစစ်ကစားသမားဖြစ်လာမယ်ဆိုတာ ကျွန်တော်ကတော့ သံသယမရှိပါဘူး။ ဒါက အဓိကအချက်ပါပဲ”လို့ ပြောပါတယ်။
လီဗာပူးအသင်းအတွက် ပွဲထွက်ခွင့်နေရာကို ဆုံးရှုံးခဲ့ရပေမယ့် တက်နိုင်သလောက် ကာကက်ဇ်ကို ကူညီပေးဖို့ ကြိုးစားနေတယ်လို့ ပြောဆိုချိန် ရော်ဘတ်ဆန်ကိုယ်တိုင်လည်း သူ့ရဲ့အဆင့်အတန်းကို ထပ်မံသက်သေပြခဲ့ပါတယ်။ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပြီဖြစ်တဲ့ ရော်ဘတ်ဆန်က အသင်းနဲ့လမ်းခွဲချိန်မှာလည်း ဝမ်းနည်းစရာတွေကို မသယ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
ရော်ဘတ်ဆန်က “ ကာကက်ဇ်က အသက်အရွယ်ငယ်ငယ်လေးပဲ ရှိသေးတယ်ဆိုတာကို ကျွန်တော်တို့အားလုံး မေ့နေတယ်လို့ ထင်ပါတယ်။ သူတို့ကို တက်နိုင်သလောက်ကူညီပေးဖို့ ကြိုးစားရမှာဖြစ်ပေမဲ့ သူတို့အပေါ် ဖိအားပေးဖို့နဲ့ ပွဲကစားခွင့်ရရှိဖို့လည်း လုပ်ဆောင်သွားချင်ပါတယ်။ အနာဂတ်မှာ သူက လီဗာပူးရဲ့ပွဲထွက်ဘယ်အစွန်ခံစစ်မှူး ဖြစ်လာပါလိမ့်မယ်။ ဒီရာသီမှာလည်း သူ့ကိုတွန်းအားပေးပြီး တိုးတက်လာအောင်ကူညီပေးဖို့ဆိုတာ ကျွန်တော့်အပေါ်မှာပဲ မူတည်ပါတယ်။ သူကိုယ်တိုင်လည်း ဆက်ကြိုးစားနေဖို့ပဲလိုအပ်ပြီး ကျွန်တော်က အတက်နိုင်ဆုံးကူညီပေးသွားပါမယ်”လို့ ဆက်ပြောပါတယ်။
တဖက်မှာတော့ ကာကက်ဇ်အပေါ် အပြည့်အဝယုံကြည်ပေးလို့မရသေးဘူးလို့ အန်းစလော့ကိုယ်တိုင် ပြောဆိုထားလို့ လာမယ့်ဗုဒ္ဓဟူးနေ့၊ အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရော်ဘတ်ဆန်ပွဲထွက်ခွင့်ရရှိလာမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။