The network connection is lost.

Banner Image

ဆက်စ်ကိုကို ဘာကြောင့် ပွဲထွက်လူစာရင်းမှာအသုံးမပြုတာလဲဆိုတဲ့မေးခွန်းကို အာမိုရင်ဖြေရှင်း

မန်ချက်စတာယူနိုက်တက်ဟာ ယခုနှစ် ၂၀၂၅-၂၆ ရာသီအတွင်း ပရီးမီးယားလိဂ် ၃ ပွဲကစားထားပြီးဖြစ်ပေမယ့် တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုကတော့ ၃ ပွဲစလုံးမှာ အရန်ကစားသမားအနေနဲ့သာ အသုံးပြုခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ မကျေနပ်မှုတွေရှိနေပါတယ်။ ယခုအခါမှာတော့ ဆက်စ်ကိုကိုပွဲထုတ်အသုံးမပြုခြင်းနဲ့ပတ်သက်ပြီး နည်းပြရူဘင်အာမိုရင်က ဘာကြောင့်လဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဆက်စ်ကိုကို ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်မှ ပေါင် ၆၅ သန်းနဲ့ခေါ်ယူခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ကစားသမားဟာ အသင်းရဲ့တိုက်စစ်ကို အဓိကဦးဆောင်သွားမယ်လို့ ယူဆခဲ့ကြပါတယ်။ သို့သော်လည်း ဆက်စ်ကိုဟာ ပရီးမီးယားလိဂ် ၃ ပွဲစလုံး အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ကြားရက်က ဂရင်းစ်ဘီတောင်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာတော့ ပွဲထွက်ပါဝင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ပါ ကန်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ဆက်စ်ကိုအနေနဲ့ ဘန်လေနဲ့ပွဲမှာ ဆက်လက်ပွဲထွက်မယ်လို့ယူဆခဲ့ပေမယ့် ကစားသမားဟာ ပွဲနှောင်းချိန်မှသာ လူစားလဲဝင်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အာမိုရင်က "ဆက်စ်ကိုကို ပွဲထွက်လူစာရင်းမှာမထည့်တာ အကြောင်းရှိပါတယ်။ သူက ထိပ်တန်းအဆင့်ရှိ လက်ရွေးစင်တိုက်စစ်မှူးတစ်ယောက်ပါ။ ဒါပေမယ့် ရာသီကြိုမှာ သူ အသင်းအတွက် ပွဲထွက်ကစားခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ကြံ့ခိုင်မှုနဲ့ အသင်းရဲ့ကစားဟန်အရ သူ့ကို အရန်ကစားသမားအဖြစ်ပဲသုံးနေတာပါ။ ကွန်ဟာ ဒဏ်ရာရနေချိန်မှာ သူ့ကိုမထည့်ခဲ့တာကလည်း ကျွန်တော်စွန့်စားမှုမယူချင်လို့ပါ။ ဒါကြောင့် ပွဲနှောင်းချိန်မှ ပုံမှန်အတိုင်းအသုံးပြုခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ နိုင်ငံတကာပွဲစဉ်‌တွေစတင်တော့မှာဖြစ်လို့ ယူနိုက်တက်ကစားသမားတွေဟာ လက်ရွေးစင်အသင်းတွေနဲ့ သွားရောက်ပူးပေါင်းကြမှာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ မန်စီးတီးကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။