ယာမယ်လ်က ရီးရဲလ်မက်ဒရစ်မှာကစားဖို့ လုံလောက်တဲ့ရင့်ကျက်မှုမရှိဘူးလို့ ပြောကြားလိုက်တဲ့ ဇာမိုရာနို
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း အိုင်ဗန်ဇာမိုရာနိုက ဘာစီလိုနာရဲ့ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ ရီးရဲလ်မှာကစားဖို့အတွက် လုံလောက်တဲ့ ရင့်ကျက်မှုနဲ့ စရိုက်လက္ခဏာမရှိတာကြောင့် သူသာဆိုရင် ဘာနေဗျူးသို့ခေါ်ယူမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
သို့သော်လည်း ဇာမိုရာနိုက ဘာစီလိုနာကွင်းလယ်လူ ပီဒရီကတော့ ရီးရဲလ်မက်ဒရစ်အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ယာမယ်လ်နဲ့ပတ်သက်ပြီး ချီလီလက်ရွေးစင်ဟောင်းက "ကျွန်တော်ကတော့ လာမိုင်းယာမယ်လ်ကို ရီးရဲလ်မက်ဒရစ်အတွက်ခေါ်မှာမဟုတ်ပါဘူး။ သူက ကြယ်ပွင့်ကစားသမားပါ။ ဒါပေမယ့် သူ့ရဲ့စရိုက်လက္ခဏာနဲ့ ရင့်ကျက်မှုက ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ယောက်မှာရှိသင့်တဲ့ အနေအထားမှာ ရှိမနေပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဇာမိုရာနိုက အသက်-၁၈ နှစ်အရွယ်ကစားသမားရဲ့ ကွင်းပြပအမူအကျင့်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ယာမယ်လ်ဟာလည်း အယ်လ်ကလက်စီကိုပွဲစဉ်မတိုင်မီမှာ ရီးရဲလ်မက်ဒရစ်နဲ့ပတ်သက်ပြီး မကောင်းတဲ့မှတ်ချက်တွေပေးခဲ့တာကြောင့် ပြိုင်ဘက်ကစားသမားတွေအတွက် စိတ်ပျက်စရာဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် ဇာမိုရာနိုက အခုလို ယာမယ်လ်ရဲ့လုပ်ရပ်တွေဟာ စည်းကမ်းမရှိကြောင်းနဲ့ ဘောလုံးလောကရဲ့အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ရခြင်းရဲ့အဓိပ္ပာယ်ကို နားလည်ခြင်းမရှိတာတွေကြောင့် ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ချီလီတိုက်စစ်မှူးဟောင်းက ယာမယ်လ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို လေးစားရန်လိုအပ်ကြောင်းနဲ့ အပြင်းအထန်အားပြိုင်နေတဲ့အချိန်တွေမှာတောင် လီယွန်နယ်မက်ဆီတို့လို ဂန္ထဝင်ကစားသမားတွေက ပြိုင်ဘက်ကို ဘယ်တော့မှ မကောင်းတဲ့မှတ်ချက်မျိုးမပေးခဲ့ကြောင်းလည်း မီမောင်းထိုးပြခဲ့ပါတယ်။
ဇာမိုရာနိုအနေနဲ့ ယာမယ်လ်ကို ရီးရဲလ်မက်ဒရစ်သို့ခေါ်ယူလိုခြင်းမရှိကြောင်း ပြောကြားခဲ့ပေမယ့် ဘာစီလိုနာကွင်းလယ်လူ ပီဒရီကိုတော့ အသင်းသို့ခေါ်ယူလိုကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ကစားသမားဟောင်းက "ပီဒရီဆိုရင်တော့ ကျွန်တော်သေချာပေါက်ခေါ်မှာပါ။ သူကလည်းကြယ်ပွင့်ကစားသမားဖြစ်ပြီး အရမ်းထူးခြားပါတယ်။ အရမ်းနှိမ့်ချပြီးတော့ အောက်သက်ကြေတဲ့ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ ယာမယ်လ်ဟာ ချစ်သူဖြစ်သူနဲ့ လူသိရှင်ကြားလမ်းခွဲထားခဲ့သလို၊ စပိန်လက်ရွေးစင်အသင်းဖော် ဒန်နီကာဗာဂျယ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် စောင်ကြည့်ခံရမှုပိုမိုများပြားလာပြီး ပရိသတ်အာရုံစိုက်မှုကို ရရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်အနေနဲ့ အသင်းသားတွေရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကိုသာမက ကွင်းပြင်ပကဖိအားတွေကို စီမံခန့်ခွဲနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။