The network connection is lost.

Banner Image

အသင်းဖော်အတွက် ဂိုးတွေရအောင်ကူညီပေးဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်စတား

နယူးကာဆယ်စတား ဂျိုလင်တန်က အသင်းဖော် ဝိုလ်တီမိတ်ကို ဂိုးတွေသွင်းယူနိုင်အောင်ကူညီပေးနိုင်လို့ ကျေနပ်နေပါတယ်။ နယူးကာဆယ်အသင်းဟာ အခုရာသီမှာ ရုန်းကန်နေရပေမယ့် ဘရိုက်တန်ကိုအနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ပိုင်းနေရာကို ပြန်လည်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ဘရာဇီးသားက အသင်းဖော် ဝိုလ်တီမိတ်ဟာ အသင်းကိုအမှတ်ပေးဇယားရပ်တည်မှုတိုးတက်အောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက အီဆက်ကြောင့် နယူးကာဆယ်တိုက်စစ်က အဆင်ပြေခဲ့ပေမယ့် အခုနွေရာသီမှာ လီဗာပူးထံ အီဆက်တစ်ယောက်ပြောင်းရွှေ့ခဲ့တာကြောင့် တိုက်စစ်မှူးအသစ်ခေါ်ယူခဲ့ရပါတယ်။ ဒါပေမယ့် ရလဒ်တွေကတော့ ထင်ထားသလိုဖြစ်မလာသေးပဲ ဂျိုလင်တန်က ဝိုလ်တီမိတ်ကို ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဘရိုက်တန်နဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ ဂျိုလင်တန်က “ဖိအားတွေတော့ရှိနိုင်ပါတယ်။ ကျွန်တော်တိုက်စစ်မှူးအဖြစ်ကစားတုန်းကလည်း ဖိအားတွေရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တိုက်စစ်မှူးအဖြစ် မကစားရတော့ပါဘူး။

ဒါပေမယ့် ကျွန်တော့်မှာအသင်းဖော်တွေကို ကူညီပေးနိုင်ဖို့ ဖိအားတွေရှိနေဆဲပါ။ လူတိုင်းမှာဖိအားရှိပါတယ်။ ခင်ဗျားအနေနဲ့ အကောင်းဆုံးလုပ်ဆောင်ပြီး အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်။ နစ်အတွက်လည်း ကျွန်တော်တို့ အဲ့လိုလုပ်ဆောင်ပေးချင်ပါတယ်။ သူဂိုးသွင်းနိုင်အောင် အကူအညီပေးချင်ပါတယ်။ အဲ့တာဝန်က အားလုံးမှာတာဝန်ရှိနေတာပါ။ နစ်အနေနဲ့လည်း ဂိုးတွေကိုသွင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဂျိုလင်တန်က ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာ ပြိုင်ပွဲစုံစိန်ခေါ်မှုတွေနဲ့ စတင်ရင်ဆိုင်နေရပြီး အီဆက်ထွက်ခွာမှုရှိခဲ့ပေမယ့် အီလန်ဂါ ၊ သီအော ၊ ဝိုလ်တီမိတ်တို့ကိုသာခေါ်ယူထားခဲ့ပါတယ်။ လိဂ်ဖလားမှာ ဘရက်တ်ဖို့ဒ်စီးတီးအသင်းကို ၄-၁ နဲ့ အနိုင်ရခဲပေမယ့် ဇန်နဝါရီမှာ တော့တင်ဟမ်နဲ့ အက်ဖ်အေဖလားမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့နောက် ချန်ပီယံလိဂ်မှာလည်း ယူနီယံအသင်းကို ၄-၀ နဲ့အနိုင်ရခဲ့ပေမယ့် ဘာစီလိုနာကို ၂-၁ နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ၇ ပွဲကစားပြီးချိန်မှာ ၉ မှတ်နဲ့အတူ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ 

“ကျွန်တော်တို့ အမြဲတမ်းသင်ယူနေရပါမယ်။ နောက်ဆုံး ၂ နှစ်အတွင်းမှာ ကျွန်တော်တို့ ဒါမျိုးတွေရင်ဆိုင်ဖူးပါတယ်။ တစ်ပွဲအရေးနိမ့်ခဲ့ရင် အဲ့ကနေသင်ယူပြီး နိုင်ပွဲတွေပြန်ယူပါတယ်။ အသင်းက လွန်ခဲ့တဲ့ ၂ နှစ်တုန်းကထက် တိုးတက်လာပါတယ်။ ကျွန်တော်တို့ပိုကောင်းတဲ့အသင်းဖြစ်လာနေပါပြီ။ ပြီးတော့ အသင်းမှာ အရည်အချင်းကော အတွေ့အကြုံကောရှိနေပါပြီ။ ပွဲတိုင်း ၊ ရာသီတိုင်း ကျွန်တော်တို့ တိုးတက်အောင် လုပ်ဆောင်ရပါမယ်။ ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ပိုကောင်းတဲ့အသင်းဖြစ်ချင်သလို အဲ့လိုဖြစ်နိုင်ဖို့အတွက် ဆုဖလားအောင်မြင်မှုတွေလိုအပ်ပါတယ်”လို့ ဘရာဇီးသားက ထပ်လောင်းပြောကြားခဲ့ပါတယ်။