
ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့အသင်း ၂ သင်းကိုပြောကြားလာတဲ့ အိုဘီမီခေးလ်
ချဲလ်ဆီးစတားဟောင်း အိုဘီမီခေးလ်က အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့လူအင်အားအတောင့်တင်းဆုံးအသင်းဖြစ်ပေမယ့်လည်း အခြားအသင်း ၂ သင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးလို့ တွေးထင်နေပါတယ်။ အာတီတာရဲ့အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အခုနွေရာသီမှာ ကစားသမားအသစ်တွေအတွက် ပေါင်သန်း ၂၅၀ ကျော်လောက်အသုံးပြုထားခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း ယိုကရက်စ်လိုကစားသမားမျိုးကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကွင်းလယ်ပိုင်းအတွက်ကော တောင်ပံပိုင်းအတွက်ပါ ဇူဘီမန်ဒီ ၊ အီဇီးတို့ကိုခေါ်ယူထားခဲ့ပါတယ်။ “အာဆင်နယ်က အသင်းတာဝန်ရှိသူတွေ အာတီတာကို အပြည့်အဝထောက်ခံထားခဲ့ပါတယ်။ အခုလက်ရှိ အာဆင်နယ်အနေအထားက လီဗာပူးနည်းတူ တောင့်တင်းတဲ့လူအင်အားရှိနေပါပြီ။
လူအင်အားမှာဆိုရင် အာဆင်နယ်ဟာ နေရာတိုင်းမှာ ကစားသမား ၂ ယောက်ရှိနေပါတယ်။ အာတီတာအနေနဲ့ ဆင်ခြေပေးလို့မရတော့ဘူးဆိုတာ သိပါတယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ကိုရယူနိုင်ဖို့ လိုအပ်ပါတယ်။ အခြားဆုဖလားတွေနဲ့တော့ မဖြစ်နိုင်ပါဘူး။ အခုအချိန်ကလည်း သူတို့လုပ်ပြရမယ့်အချိန်လို့ ကျွန်တော်ထင်ပါတယ်”လို့ အိုဘီက ပြောကြားခဲ့ပါတယ်။
လူအင်အားသာလွန်ပေမယ့်လည်း မီခေးလ်က ချဲလ်ဆီး နဲ့ လီဗာပူးတို့ကလည်း ဒီရာသီလိဂ်ဖလားရယူနိုင်တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးအသင်းဟာ ၃ ပွဲကစားပြီးချိန်မှာ ၃ ပွဲစလုံးအနိုင်ရထားခဲ့သလို အီဆက်လိုတိုက်စစ်မှူးမျိုးကိုလည်း ထပ်မံခေါ်ယူထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကလည်း ရှုံးပွဲမရှိပဲ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး မာရက်စ်ကာရဲ့အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပါရယူထားနိုင်ခဲ့ပါတယ်။
“လီဗာပူး နဲ့ ချဲလ်ဆီးတို့ကလည်း ချန်ပီယံဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုချိန်မှာ လီဗာပူးကိုဘယ်အသင်းအနိုင်ကန်နိုင်မယ်လို့ ခင်ဗျားထင်လဲ?။ ကျွန်တော် ချဲလ်ဆီးကစားဟန်ကို ကြိုက်ပါတယ်။ နောက်တန်းကနေ ကစားတာတော်တော်လေးကောင်းပါတယ်။ မာရက်စ်ကာအသင်းကိုတည်ဆောက်တာက တော်တော်လေးကောင်းပါတယ်။ လီဗာပူးကိုအနိုင်ကန်နိုင်တဲ့အသင်းလို့တောင် မြင်မိပါတယ်။ ရာသီအကုန်မှာ ချန်ပီယံဆုအတွက် လီဗာပူး နဲ့ ချဲလ်ဆီးတို့ အားပြိုင်ရဖို့များနေပါတယ်”လို့ မီခေးလ်က ပြောကြားခဲ့ပါတယ်။