The network connection is lost.

Banner Image

ဒူးခေါင်းဒဏ်ရာမှ လျင်လျင်မြန်မြန်သက်သာလာလို့ မျှော်လင့်တာထက်စောပြီး ပြန်ကစားနိုင်တော့မယ့် ဟားဗတ်ဇ်

ပြီးခဲ့တဲ့ဩဂုတ်လအကုန်ကတည်းက ဒူးခေါင်းဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟားဗတ်ဇ်ဟာ ယခုအခါမှာတော့ ဒဏ်ရာပြဿနာက မျှော်လင့်ထားတာထက်စောပြီး လျင်လျင်မြန်မြန်သက်သာလာခဲ့လို့ မကြာမီမှာပဲ အသင်းအတွက်ပြန်ကစားနိုင်တော့မယ်လို့သိရပါတယ်။

ဂျာမန်လက်ရွေးစင်ဟာ အာဆင်နယ်ရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ အဆိုပါဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အသင်းအတွက် ၂ လခန့်ကြာ ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ သို့သော်လည်း နည်းပြမီခေးလ်အာတီတာအနေနဲ့တော့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကစားသမားသစ် အီဘရီချီအီဇီကို အသုံးပြုထားနိုင်တာကြောင့် ကြီးမားတဲ့အခက်အခဲနဲ့တော့ ကြုံတွေ့ခဲ့ရခြင်းမရှိပါဘူး။ 

ဟားဗတ်ဇ်အနေနဲ့ ဒီဇင်ဘာလရောက်မှသာ အာဆင်နယ်အတွက်ပြန်ကစားပေးနိုင်မယ်လို့ ကနဦးက ထင်ကြေးပေးထားခဲ့ကြပေမယ့် ယခုအခါမှာတော့ ဒဏ်ရာက လျင်လျင်မြန်မြန်သက်သာလာခဲ့လို့ မကြာမီမှာပဲပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ်။ ဟားဗတ်ဇ်ဟာ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ရာမှာ ကြံ့ခိုင်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို ပရော်ဖက်ရှင်နယ်ကျကျပြုလုပ်နေတာကြောင့် အခုလိုပဲ ထင်ထားတာထက်စောပြီး မြန်မြန်ပြန်ကောင်းလာခဲ့တာဖြစ်သလို၊ အသင်းအတွက်ပေးဆပ်ဖို့အတွက် ဆန္ဒအပြည့်နဲ့ကြိုးစားနေတယ်လို့လည်းသိရပါတယ်။ 

အခုလို ဟားဗတ်ဇ်ရဲ့ ကြံ့ခိုင်ရေးတည်ဆောက်နိုင်မှုလျင်မြန်ပုံကို အာဆင်နယ်ဆေးအဖွဲ့ဝန်ထမ်းတွေကလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ထားကြပြီး ကစားသမားရဲ့ ကိုယ်ကာယကြံ့ခိုင်မှုအပိုင်းကလည်း သိသိသာသာတိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။  ဟားဗတ်ဇ်ရဲ့အပြုသဘောဆောင်တဲ့သတင်းဟာ ဗဟိုတိုက်စစ်မှူးအဖြစ် ဗစ်တာယောကရက်စ်တစ်ဦးသာကျန်ရှိတော့တဲ့ နည်းပြအာတီတာအတွက်တော့ အတော်လေးအားတက်စရာဖြစ်လာခဲ့ပါတယ်။ 

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ယောကရက်စ်ဟာ ဟားဗတ်ဇ်ဒဏ်ရာရပြီနောက်ပိုင်း အာဆင်နယ်ရဲ့တိုက်စစ်ကို အဓိကဦးဆောင်ပေးနေသူဖြစ်ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အားလုံးမှာ ပါဝင်ကစားပေးထားပါတယ်။ ယောကရက်စ်အနေနဲ့ အာဆင်နယ်ပရိသတ်တွေနဲ့ ပရီးမီးယားလိဂ်ရဲ့ဖိအားကို ကောင်းကောင်းကိုင်တွယ်ပြီး ပုံမှန်ခြေစွမ်းကိုပြသနေတယ်ဆိုပေမယ့် ဟားဗတ်ဇ်ပြန်လည်ရောက်ရှိလာပါက အာဆင်နယ်ရဲ့တိုက်စစ်ဟာ ပိုမိုဘက်ညီလာမှာဖြစ်လို့ အာတီတာအနေနဲ့ ဂျာမန်သားကိုတတ်နိုင်သလောက် အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။