
ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်းပြောကြားလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ယခုအခါမှာ ၂၀၂၉ နှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပြီး စာချုပ်သစ်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားလာခဲ့ပါတယ်။ အသက်-၃၉ နှစ်အရွယ် ဘယ်လ်ဂျီယံသားနည်းပြဟာ ဘန်လေကို ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့တန်းတက်အောင်စွမ်းဆောင်ပေးခဲ့ပြီးနောက် ၂၀၂၄-၂၅ ရာသီမှာ ဘိုင်ယန်မြူးနစ်ကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အတွက် ပွဲဦးထွက်ရာသီမှာပဲ ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သလို၊ ယခုရာသီအစမှာလည်း ဂျာမန်စူပါဖလားအောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ယခုအခါမှာ စာချုပ်သက်တမ်းတိုးမြှင့်ပြီးနောက် ကွန်ပနီက "ဒီစာချုပ်အတွက် ကျွန်တော်ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီကိုစရောက်လာတဲ့နေ့ကတည်းက ကျွန်တော့်အပေါ်ယုံကြည်မှုအပြည့်ပေးပြီး အတူတူလက်တွဲခဲ့တဲ့ ဘိုင်ယန်မြူးနစ်တစ်သင်းလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်"
"ဒီအသင်းကိုရောက်တာ သိမ်မကြာသေးပေမယ့် စိတ်ထဲမှာတော့ အကြာကြီးဖြစ်နေသလို ခံစားရပါတယ်။ ဒီကလပ်အကြောင်းကိုလည်း ကောင်းကောင်းသိပြီး အသင်းနဲ့လည်း တစ်သားတည်းဖြစ်နေပါပြီ။ ကျွန်တော်တို့ အရမ်းရင်ခုန်စရာကောင်းတဲ့ ခရီးစဉ်ကို အတူတူကျော်ဖြတ်ထားခဲ့ပြီး နောက်ထပ်အောင်မြင်မှုတွေအတွက် ဆက်လက်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ ဟာဘတ်ဟိုင်နာကလည်း "ကွန်ပနီကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာက အသင်းအတွက်ယုံကြည်မှုပိုတိုးစေပြီး အသင်းရဲ့တိုးတက်မှုကိုလည်း ပိုမိုတည်ငြိမ်စေမယ်လို့ယုံကြည်ပါတယ်" "သူက အသင်းကစားသမားတွေရဲ့အသိအမှတ်ပြုမှုကိုလည်း အပြည့်အဝရရှိထားသူဖြစ်ပါတယ်။ ပြီးတော့ အသင်းရဲ့စီမံခန့်ခွဲမှု ပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ပရိသတ်တွေကလည်း သူ့ကိုယုံကြည်ထားကြပါတယ်။ အခုလို စောစောစီးစီးစာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။