The network connection is lost.

Banner Image

ပေါင်ခြံဒဏ်ရာနဲ့ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ လမိုင်းယာမယ်လ်

ယနေ့နံနက် ဘရုဂျက်နဲ့ သုံးဂိုးစီ သရေကျတဲ့ပွဲ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြခဲ့ပြီးနောက် လမိုင်းယာမယ်လ်က ပေါင်ခြံဒဏ်ရာနဲ့ပတ်သက်တဲ့သတင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ယာမယ်လ်ဟာ ဒီရာသီအစောပိုင်းမှာ Pubalgia လို့ခေါ်တဲ့ ပေါင်ခြံဒဏ်ရာ ပြဿနာကြောင့် ကလပ်ရော၊ နိုင်ငံလက်ရွေးစင်အသင်းအတွက် ခုနစ်ပွဲအထိ လွဲချော်ခဲ့ပါတယ်။ 

အဲဒီတုန်းက တချို့သတင်းတွေမှာ ယာမယ်လ် ခွဲစိတ်ကုသမှု ခံယူရနိုင်တယ်လို့ ဖော်ပြခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဘာကာအသင်းအတွက် နောက်ဆုံး ငါးပွဲဆက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ နည်းပြ ဟန်စီဖလစ်ခ်က ဒါဟာ ယာမယ်လ် ဆက်လက်ထိန်းချုပ် စီမံနေရတဲ့ ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောခဲ့ပေမယ့် ဘရူဂျက်နဲ့ပွဲမှာ လူငယ်လေးက တစ်ဦးသွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ယာမယ်လ်က "ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် စာတွေဖတ်ဖို့ မကြိုးစားပါဘူး။ ကျွန်တော့်ရဲ့ ဒဏ်ရာအကြောင်းနဲ့ ဝမ်းနည်းနေခဲ့တယ်ဆိုပြီး အများကြီး ပြောခဲ့ကြတာတွေရှိပါတယ်။ ဒါတွေအားလုံး လိမ်ညာမှုတွေပါ။ ကျွန်တော် အကောင်းဆုံး ခံစားရပြီး ပျော်ရွှင်ရတဲ့ ဒီအဆင့်ကို ပြန်ရောက်ဖို့ အပြင်းအထန် ကြိုးစားချင်ခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။

နည်းပြ ဖလစ်ခ်ကလည်း "ယာမယ်လ် ဒီအဆင့်ကို ပြန်ရောက်လာတဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပဲ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ နောက်တနင်္ဂနွေ ဘာဖြစ်မယ်ဆိုတာလည်း မသိပါဘူး။ သူအခု ရင်ဆိုင်နေရတဲ့ အခြေအနေကို စီမံခန့်ခွဲဖို့က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒါက မလွယ်ပါဘူး။ သူ ဘာလုပ်ရမလဲ၊ ဘယ်လို လေ့ကျင့်ရမလဲ၊ ကုသမှုတွေ ဘယ်လိုခံယူရမလဲ ဆိုတာကို အာရုံစိုက်ထားရပါမယ်။

သူသာ ဒါကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ရင် အဲဒီအခြေအနေ ပျောက်ကွယ်သွားဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်တော့ပျောက်မယ်ဆိုတာ ပြောဖို့ မလွယ်ပါဘူး" လို့ လို့ ပြောခဲ့ပါတယ်။