The network connection is lost.

Banner Image

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမတိုင်ခင် ဒဏ်ရာရသွားတဲ့ လီဝန်ဒေါစကီး

မနေ့ညက ဆယ်လ်တာဗီဂိုအသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ ဒဏ်ရာရရှိခဲ့တာကြောင့် ကြံ့ခိုင်မှုအခြေအနေကို စိုးရိမ်နေကြပါတယ်။  ပိုလန်တိုက်စစ်မှူးဟာ စပိန်ဘုရင့်ဖလားဖိုင်နယ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လွဲချော်ရနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

လီဝန်ဒေါစကီးဟာ ဆယ်တာဗီဂိုနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် လူစားလဲခဲ့ရတာဖြစ်ပါတယ်။  ဒီပွဲမှာ ဘာစီလိုနာအသင်းက အနိုင်ရရှိခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားမှာ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၇ မှတ်အထိ ဖြတ်သွားခဲ့ပါတယ်။  ဘာစီလိုနာအသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ လီဝန်ဒေါစကီးသာ မပါဝင်နိုင်ခဲ့ရင် နည်းပြ ဟန်စီဖလစ်ခ်အတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။

ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့မှာ မာယော့ကာအသင်းနဲ့ လာလီဂါပွဲစဉ်ကစားရမှာဖြစ်ပြီး၊ ဧပြီလ ၂၆ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပိန်ဘုရင့်ဖလား ဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။  ဧပြီလ ၃၀ ရက်နေ့မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ ပွဲအပြီး လီဝန်ဒေါစကီးရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က "စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော့်အတွေ့အကြုံအရ မနက်ဖြန်အထိ စောင့်ရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။
စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ လီဝန်ဒေါစကီးဟာ ဒဏ်ရာကြောင့် ၃ ပတ်အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။ 

ဒီသတင်းသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် လီဝန်ဒေါစကီးဟာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် နှစ်ကျော့စလုံး ကစားနိုင်မှာမဟုတ်ပါဘူး။  လီဝန်ဒေါစကီးသာ မကစားခဲ့ရင် စပိန်ကစားသမား ဖာရန်တောရက်စ်က တိုက်စစ်မှူးနေရာမှာ ဝင်ရောက်ကစားဖွယ်ရှိပါတယ်။