
ချဲလ်ဆီးသို့မပြောင်းခင် ယူနိုက်တက်သို့ရောက်ရှိဖို့ ၉၀ ရာခိုင်နှုန်းအထိနီးစပ်ခဲ့တဲ့ ဒီလပ်
ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့မရောက်ခင်မှာ မန်ချက်စတာယူနိုက်တက်သို့ရောက်ရှိဖို့ ၉၀ ရာခိုင်နှုန်းအထိ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချဲလ်ဆီးကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့အတွက် ဒီလပ်ကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့် ကစားသမားက ချဲလ်ဆီးကိုသာရွေးချယ်သွားခဲ့တာကြောင့် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကိုသာ ပေါင် ၇၄ သန်းနဲ့ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက အစ်ဆွစ်ချ်မှာ ခြေစွမ်းပြခဲ့တဲ့ဒီလပ်ကို ချဲလ်ဆီးသာမက ယူနိုက်တက်ကလည်း စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်သို့ခေါ်ယူဖို့ ၉၀ ရာခိုင်နှုန်းအထိ နီးစပ်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒီလပ်ကတော့ ချဲလ်ဆီးကိုသာရွေးချယ်သွားခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ချ်သို့ရောက်ရှိပြီးမကြာမီမှာပဲ ကလပ်ကမ္ဘာ့ဖလားကိုစတင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးသို့မရောက်ခင် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကောလာဟလတွေထွက်ပေါ်နေချိန်မှာ ဒီလပ်က "ကျွန်တော့်အနေနဲ့ ဘယ်အသင်းကိုပြောင်းရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်မယ်ဆိုတာ ကြိုမသိရပါဘူး။ ဒါပေမယ့် မျှော်လင့်ထားတဲ့အတိုင်း အလုပ်ဖြစ်ဖို့တော့လိုပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်ကိုဆုံးဖြတ်ဖို့ အချိန်ယူသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
သို့သော်လည်း အင်္ဂလန်သားက သူဟာ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေကြောင်းကိုတော့ "ကျွန်တော် မာရက်စ်ကာနဲ့တော့ ဆက်ဆံရေးအဆင်ပြေပါတယ်။ သူဘယ်လိုကစားချင်သလဲဆိုတာ ကျွန်တော်သိပါတယ်။ သူတို့မှာ ဘယ်လိုမျိုးပရောဂျက်တွေရှိနေလဲ။ အနာဂတ်ကိုဘယ်လိုရှုမြင်ထားကြသလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်စိတ်လှုပ်ရှားနေတာပါ" လို့ပြောကြားခဲ့ပါတယ်။
သတင်းဌာနအချို့ကတော့ ဒီလပ်အနေနဲ့ ယူနိုက်တက်ကို မရွေးချယ်ခဲ့ခြင်းမှာ အာမိုရင်ရဲ့အသင်းဟာ ဥရောဝင်ခွင့်နဲ့လွဲချော်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့သလို၊ အမှတ်ပေးဇယားမှာလည်း အဆင့် ၁၅ နေရာမှာသာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလပ်ဟာ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ သဘောမတူညီခင်မှာ သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပယ်လ်မာနဲ့လည်း မက်ဆေ့တွေအပြန်အလှန်ပေးပို့ခဲ့သေးတယ်လို့ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာတော့ ဒီလပ်ဟာ ဒဏ်ရာပြဿနာကြောင့် အနားယူနေရပြီး ချဲလ်ဆီးရဲ့ပွဲစဉ်အတော်များများကို လွဲချော်သွားဦးမှာဖြစ်ပါတယ်။ ကစားသမားဟာ ယခု ၂၀၂၅ နှစ်ကုန်ပိုင်းလောက်မှသာ ပြန်ကစားနိုင်မယ်လို့သိရပါတယ်။