The network connection is lost.

Banner Image

မက်ဆီနဲ့ ယာမယ်လ်ကို နှိုင်းယှဉ်သုံးသပ်စရာ မလိုဘူးလို့ လော်တာရိုမာတီနက်ဇ် ပြောဆို

ဘာစီလိုနာက ဒီည၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဖြစ် အိမ်ကွင်း Estadi Olimpic Llius Companys မှာ အင်တာမီလန်ကို ဧည့်ခံကစားရပါမယ်။ ဟန်စီဖလစ်ခ်ရဲ့အသင်းက လာမယ့်လ၊ ပီအက်စ်ဂျီ(သို့မဟုတ်)အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲဆီ တက်ရောက်ဖို့ ရေပန်းစားနေပေမယ့် အင်တာမီလန်ကို ကျော်ဖြတ်နိုင်ဖို့တော့ ခက်ခက်ခဲခဲကြိုးစားသွားရပါလိမ့်မယ်။

တဖက်မှာလည်း အင်တာမီလန်က ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ပြီး ခက်ခဲတဲ့သီတင်းပတ်တွေကို ဖြတ်သန်းနေရပါတယ်။ ဒါပေမယ့် သူတို့အသင်းကြယ်ပွင့်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ကတော့ အခုလိုဆိုးရွားနေမှုတွေကို နောက်မှာ ချန်ထားနိုင်ခဲ့ပြီလို့ သတင်းမီဒီယာတွေဆီ ပြောပါတယ်။

လော်တာရိုမာတီနက်ဇ်က “ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ အတူတကွရှိနေပါတယ်။ အခုသီတင်းပတ်က ကျွန်တော်တို့အတွက် ခက်ခဲလွန်းခဲ့ပါတယ်။ အသင်းရှုံးနိမ့်ပြီဆိုရင် ကျွန်တော်တို့ပဲ ဦးဆုံးခံစားရတာပါ။ မနက်ဖြန်မှာဆိုရင်လည်း အသင်းကောင်းတစ်ခုနဲ့ ရင်ဆိုင်သွားရပါဦးမယ်။ ဒီအချိန်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ အခုအချိန်ထိတော့ ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်ထားပြီးပါပြီ။ အသင်းလူစာရင်းပိုင်းလည်း အဆင်ပြေသလို စုစည်းညီညွှတ်မှုအပြည့် ရှိနေပါတယ်”လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဘာစီလိုနာဆီရောက်ရှိဖို့ နီးစပ်ခဲ့ဖူးတဲ့ လော်တာရိုမာတီနက်ဇ်က အင်တာမီလန်အတွက် တိုက်စစ်ပိုင်းမှာ အဆုံးအဖြတ်ဖြစ်လာနိုင်ပေမယ့် သူ့အသင်းဖော်တွေကိုယ်တိုင်လည်း ခံစစ်ပိုင်းမှာ ရာဖင်ဟာ၊ ယာမယ်လ်နဲ့ ဖာရန်တောရက်စ်တို့ ပေါင်းစပ်လာမယ့် ထိုးနှက်ချက်တွေကို အကောင်းဆုံးခုခံသွားနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ သိရှိထားခဲ့ပါတယ်။

သူက “ အသင်းရဲ့တိုက်စစ်စွမ်းအားကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းကိုလည်း အကောင်းဆုံးလုပ်ဆောင်သွားကြဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့က ခံစစ်ကို အကောင်းဆုံးကာကွယ်နိုင်စွမ်းရှိတဲ့ အသင်းတစ်ခုဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းဂိုးကန်သွင်းခွင့်မရရှိအောင် ကြိုးစားဖို့ ကျွန်တော်တို့တွေ စုစုစည်းစည်းနဲ့ခုခံကာကွယ်သွားရပါမယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး လော်တာရိုမာတီနက်ဇ်ဆီ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လက်ရွေးစင်အသင်းဖော်မက်ဆီနဲ့ နှိုင်းယှဉ်ရလောက်တဲ့အထိ အစွမ်းပြလာတဲ့ လမိုင်းယာမယ်လ်နဲ့ပတ်သက်လို့လည်း မေးခွန်းတွေ ရောက်ရှိလာခဲ့ပါတယ်။ လော်တာရိုက်မာတီနက်ဇ်ကတော့ ဒီကစားသမားနှစ်ဦးကို နှိုင်းယှဉ်ဖို့ ဘာအကြောင်းပြချက်မှမရှိဘူးလို့ ယူဆထားပါတယ်။

အင်တာမီလန်တိုက်စစ်မှူးက “ ပထမဆုံးအနေနဲ့ ကျွန်တော်ကတော့ အဲ့ဒီလိုနှိုင်းယှဉ်မှုမျိုးတွေကို နားလည်ပေးလို့မရပါဘူး။ ကျွန်တော့်အတွက် မက်ဆီက အနှိုင်းမဲ့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မက်ဆီက အတိတ်မှာရော၊ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာပါ အကောင်းဆုံးဘောလုံးသမားဖြစ်နေလို့ပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ နှိုင်းယှဉ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်ပြောနိုင်တဲ့တစ်ခုတည်းသောအရာက လမိုင်းယာမယ်ဟာ အရေးကြီးတဲ့ကစားသမားတစ်ဦးဖြစ်တယ် ဆိုတာပါပဲ။ ဒါကို ကျွန်တော်တို့အားလုံး သိရှိမြင်တွေ့ခဲ့ပြီးပါပြီ။ ဒီလိုအသက်အရွယ်လေးမှာတောင် ယာမယ်လ်က အလွန်ကြီးလေးတဲ့တာဝန်တစ်ခုကို ထမ်းဆောင်နေပါပြီ။ သူက လက်ရွေးစင်အသင်းနဲ့လည်း အရေးကြီးတဲ့ဆုဖလားတွေ ရရှိပြီးပါပြီ။ ဒါကြောင့် သူက အသိအမှတ်ပြုမှုတွေနဲ့ ထိုက်တန်ပါတယ်”လို့ ဆိုပါတယ်။